ငလျင်ပြင်းအားကြောင့် ကျိုင်းတုံမြို့နယ်အတွင်း နေအိမ်အချို့ ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်

ငလျင်ပြင်းအားကြောင့် ကျိုင်းတုံမြို့နယ်အတွင်း နေအိမ်အချို့ ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်
ဇူလိုင် 22, 2022 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ နောင်ဟောင်ရွာအတွင်း၌  ဇူလိုင်လ (၂၁)ရက်နေ့ ည(၁၁)နာရီ (၃၇)မိနစ် (၂၄)စက္ကန့် အချိန်က လှုပ်ခတ်သွားသည့် ရစ်ချ်စတာ စကေး(၆.၄)အဆင့်ရှိ ငလျင်ကြီးကြောင့် နေအိမ်နံရံပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အလားတူ ကျိုင်းတုံမြို့ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ အခန်းတစ်ခန်း၏ နံရံပြိုကျမှုလည်း ဖြစ်ပွားခဲ့ကြောင်း နှင့် ကျိုင်းတုံမြို့နယ်အတွင်း အချို့နေရာများတွင် နေအိမ်ထိခိုက်မှုများလည်း ရှိသည်ဟု ဒေသခံများ ထံက သိရသည်။

ကျိုင်းတုံမြို့၊ နောင်လျဲန့်တွင်လည်း နေအိမ်အချို့ နံရံအက်ကြောင်းရာဖြစ်ပေါ်ခြင်း၊ နံရံပြိုကျခြင်းများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ(၂၁)ရက်နေ့ ညပိုင်းက လှုပ်ခတ်သွားသည့် ငလျင်အင်အားကို မြန်မာနိုင်ငံ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ရစ်ချ်စတာ စကေး(၆.၁)ဟု ထုတ်ပြန်ထားသော်လည်း အချိန်နှင့်တပြေးညီ ငလျင်လှုပ်ခတ်မှုများကို ထုတ်ပြန်ပေးနေသည့် ထိုင်းနိုင်ငံငလျင်တိုင်းတာရေးဌာနက ရစ်ချ်စတာ စကေး(၆.၄)အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်သည်ဟု ထုတ်ပြန်ထားသည်။

ညပိုင်းက လှုပ်ခတ်သွားသည့် အဆိုပါ ငလျင်ကြီးကြောင့် တာချီလိတ်မြို့တွင် ပျက်စီးထိခိုက်မှု ရှိ မရှိကို မသိရသေးသော်လည်း ကျိုင်းတုံမြို့နယ်အတွင်း နေအိမ်ပျက်စီးမှုများ၊ နံရံကွဲအက်မှုများ နှင့် တာချီလိတ် - မိုင်းဖြတ် - ကျိုင်းတုံ လမ်းမကြီးပေါ် မိုင်းဖြတ်မြို့နယ်အတွင်း တာကျောက်ရွာအနီး တောင်ပြိုကာ ကျောက်တုံး ကျောက်ခဲများ လမ်းပေါ် ကျပြီး လမ်းတခြမ်းနီးပါး ပိတ်မှုလည်း ဖြစ်ပွားခဲ့သည်။

ပုံအညွှန်း - ကျိုင်းတုံမြို့နယ်အတွင်း နေအိမ်အချို့ ထိခိုက် ကွဲအက် ပျက်စီးသည့် ပုံနှင့် တာချီလိတ် - မိုင်းဖြတ် - ကျိုင်းတုံလမ်း တောင်ပြိုသည့် ပုံဖြစ်သည်။

#TachileikNewsAgency

Photo: Awe KT, Jai Tun Tip, CJ, Myo Aung Tourist Guide