ထိုင်းနိုင်ငံတွင် ကရင်တိုင်းရင်းသား အသတ်ခံရမှု ၈ နှစ်ကြာခဲ့ပြီးနောက် သံသယရှိသူများကို စွဲချက်တင်တော့မည်

သတ်ခံခဲ့ရသူအတွက် ကောင်းမှုကုသိုလ် ပြုလုပ်ပေးနေစဉ်  [Photo: Wichan Charoenkiatpakul]
သတ်ခံခဲ့ရသူအတွက် ကောင်းမှုကုသိုလ် ပြုလုပ်ပေးနေစဉ် [Photo: Wichan Charoenkiatpakul]
ထိုင်းနိုင်ငံတွင် ကရင်တိုင်းရင်းသား အသတ်ခံရမှု ၈ နှစ်ကြာခဲ့ပြီးနောက် သံသယရှိသူများကို စွဲချက်တင်တော့မည်
သြဂုတ် 16, 2022 | နိုင်ငံတကာသတင်း
By Mr John

လွန်ခဲ့သည့် (၈) နှစ်က ထိုင်းနိုင်ငံတွင် ပျောက်ဆုံးသွားခဲ့သည့် သဘာဝပတ်ဝန်းကျင်နှင့် ကရင်တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူ ကရင်လူမျိုး Billy ခေါ် Porlajee Rakchongcharoen ကို သတ်ဖြတ်မှုဖြင့် သံသယရှိသူ (၄) ဦးကို စွဲချက်တင်သွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရတာဝန်ရှိများက ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၅) ရက်နေ့၌ ပြောသည်။

လွန်ခဲ့သည့် (၂) နှစ်က ထိုအမှုမှ သံသယရှိသူ (၄) ဦးကို စွဲချက်တင်ထားမှု ပလပ်ခဲ့သည့် အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကို ယခုအခါ ပြောင်းလဲလိုက်ခြင်းလည်း ဖြစ်သည်။ 

ကရင်တိုင်းရင်းသား Billy သည် ထိုင်းနိုင်ငံ  ဖက်ချဘူရီပြည်နယ် Kaeng Krachan အမျိုးသားဥယျာဥ်ရှိ လူနည်းစုတို့၏ နေအိမ်များ ဖျက်ဆီးခံရခြင်းအတွက် အစိုးရတာဝန်ရှိသူများကို တရားစွဲဆိုနိုင်ရေး ပါဝင်ဆောင်ရွက်ပေးနေစဥ် ၂၀၁၄ ခုနှစ် ဧပြီလအတွင်းက ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

Billy ကို အသက်ရှင်လျှက်နောက်ဆုံးတွေ့ခဲ့သည့် ထိုစဥ်က အမျိုးသားဥယျာဥ်အကြီးအကဲ Chaiwat Limlikit-aksorn နှင့် ဆက်နွယ်သူများကို စုံစမ်းစစ်ဆေးခဲ့သော်လည်း သက်သေအထောက်အထား မပြည့်စုံဟုဆိုကာ ၂၀၂၀ ခုနှစ်တွင်  Chaiwat ကို လူသတ်မှုဖြင့် စွဲချက်တင်ထားမှုအား ပလပ်ခဲ့ခြင်းဖြစ်သည်။

ထိုဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီး Billy ၏ ဇနီးကလည်း အမှုကိစ္စ ဆက်လက် လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည့်အပြင် နိုင်ငံတကာလူ့အခွင့်အရေးအုပ်စုများကလည်း စွဲချက်များကို ပလပ်လိုက်ခြင်းက ထိုင်းနိုင်ငံ၏ တရားရေးစနစ်ကို ပြက်ရယ်ပြုစရာဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

 ဩဂုတ်လ (၁၅) ရက်နေ့တွင်မူ ထိုင်းရှေ့နေ့ချုပ်ရုံး ပြောခွင့်ရ Prayuth Pecharakun က ၎င်း၏ရုံးအနေဖြင့် ယခင်ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်ပြီး Billy ၏ အမှုတွင် ပါဝင်ပတ်သက်ခဲ့သည့် သံသယရှိသူ (၄) ဦးကို စွဲချက်တင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားဥယျာဥ် အကြီးအကဲဖြစ်ခဲ့သူ Chaiwat နှင့် အခြားအမည်မဖော်ပြသည့် လူ (၃) ဦးကို ကြိုတင်ကြံရွယ် လူသတ်မှု၊ ဖမ်းဆီးချုပ်နှောင်မှုနှင့် အလောင်းဖျောက်ဖျက်မှုတို့ဖြင့် စွဲချက်တင်သွားမည်ဖြစ်ကြောင်း Prayuth က အတည်ပြုသည်။ 

Billy ကို တရားမဝင် ပျားရည်စုဆောင်းနေပုံရသည့်အတွက် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ၎င်းကို အသက်ရှင်လျက် နောက်ဆုံး မြင်တွေ့ခဲ့သူမှာ Chaiwat ဖြစ်သည်ဟု ယူဆထားသည်။

Chaiwat က ထိုအမှုကိစ္စတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း အခိုင်အမာ ငြင်းဆိုခဲ့ပြီး Billy ကို ၎င်းက ပြန်လွှတ်ပေးခဲ့သည်ဟု ထွက်ဆိုနေခဲ့ခြင်းဖြစ်သည်။

Billy ကပျောက်ဆုံးသွားခဲ့ပြီးနောက် (၅) နှစ်အကြာ ၂၀၁၉ ခုနှစ်တွင် အမျိုးသားဥယျာဥ်၏ ရေလှောင်ကန်အတွင်း ဆီပီပါတစ်ခုထဲတွင် ထည့်ထားသည့် မီးလောင်ကျွမ်းထားသော ဦးခေါင်ခွံအပိုင်းအစများကို ရေငုပ်သမားများက ရှာဖွေတွေ့ရှိခဲ့ပြီး ထိုရေလှောင်ကန်ပတ်လည်တွင် အခြား အရိုးစုများကိုလည်း တွေ့ခဲ့ရခြင်းဖြစ်သည်။

ထို့နောက် မူခင်းဆေးပညာဆိုင်ရာ စုံစမ်းစစ်ဆေးမှုက Billy ၏ မိခင်ထံမှ DNA ကို အသုံးပြုပြီး စစ်ဆေးမှုအရ အဆိုပါ အရိုးစုအကြွင်းအကျန်များမှာ Billy ၏ ရုပ်အလောင်းမှဖြစ်သည်ဟု ယူဆရကြောင်း စုံစမ်းစစ်ဆေးရေးမှူးများက ပြောခဲ့သော်လည်း  အတိအကျ ဖော်ထုတ်ရန် သက်သေအထောက်အထား မလုံလောက်ဟု ရှေ့နေချုပ်ရုံးက ၂၀၂၀ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။

ထိုစဥ်က လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က တာဝန်ရှိသူများ၏ အမှုကိစ္စ ကိုင်တွယ်ဆောင်ရွက်မှုကို ပြင်းထန်စွာ ‌ဝေဖန်ခဲ့ပြီး တရားမျှတမှုကို ဖော်ဆောင်ပြီး ပြစ်ဒဏ်မှကင်းလွတ်ခွင့်ပေးသည့် ယဥ်ကျေးမှုကို အဆုံးသတ်မည်ဆိုသည့် ထိုင်းအစိုးရ၏ ကတိကဝတ်များက ပြက်ရယ်ပြုစရာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ကရင်တိုင်းရင်းသား Billy ၏ ကျန်ရစ်သူဇနီး Pinnapa Prueksapan က ယခုနှစ်အစောပိုင်းတွင် ခင်ပွန်းသည်၏အမှုကို ပြန်လည်စစ်ဆေးဆောင်ရွက်ပေးရန် ရှေ့နေချုပ်ရုံးသို့ အသနားခံစာတင်ခဲ့ပြီးနောက် သံသယရှိသူများကို စွဲချက်တင်သွားမည်ဟု ထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။ 

ထိုင်းနိုင်ငံသည် သဘာဝပတ်ဝန်းကျင်နှင့် တိုင်းရင်းသားအရေး တက်ကြွလှုပ်ရှားသူများအတွက် အသက်အန္တရာယ်ရှိသည့် နေရာတစ်ခုဖြစ်နေဆဲဖြစ်ပြီး ထိုင်းအစိုးရတာဝန်ရှိသူများက ဌာနေတိုင်းရင်းသားများကို နှင်ထုတ်ရန် နှောင့်ယှက်တိုက်ခိုက်ခြင်းနှင့် အကြမ်းဖက်ခြင်းတို့ကို အသုံးပြုနေကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက စွပ်စွဲထားသည်။

ထိုင်းနိုင်ငံသည် သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ အသေအပျောက်အများဆုံး အာရှဒေသတွင်း နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး  ၁၉၈၀ ခုနှစ်မှစပြီး ထိုင်းနိုင်ငံတွင် ထိုသို့တက်ကြွလှုပ်ရှားသူများကို အစဖျောက်ပစ်မှု (၈၀) ကျော်ကို ကုလသမဂ္ဂက မှတ်တမ်းတင်ထားခဲ့ကြောင်း သိရသည်။

Source: AFP