မြန်မာစစ်အုပ်စုနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံ ယာယီအစိုးရက အာဆီယံကို အဆိုပြုထား

မြန်မာစစ်အုပ်စုနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် ထိုင်းနိုင်ငံ ယာယီအစိုးရက အာဆီယံကို အဆိုပြုထား

ထိုင်းနိုင်ငံ ယာယီအစိုးရက မြန်မာနိုင်ငံတွင် အာဏာသိမ်းထားသည့် စစ်အုပ်စုကို အပြည့်အဝ ပြန်လည် ထိတွေ့ဆက်ဆံရန် အာဆီယံကို အဆိုပြုထားပြီး ရပ်တန့်နေသည့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအစီအစဥ်ကို စတင်ရန် ကြိုးပမ်းအားထုတ်မှုအဖြစ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကို ဇွန်လ (၁၈) ရက်နေ့၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားထားကြောင်း Reuters သတင်းဌာန၏ ဖော်ပြထားချက်အရ သိရသည်။



၂၀၂၃ခုနှစ် ဇွန်လ (၁၄) ရက်နေ့ ရက်စွဲဖြင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများထံသို့ ပေးပို့ခဲ့သည့် စာတစ်စောင်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က ထိုသို့ အဆိုပြုထားခြင်း ဖြစ်သည်။ 

သို့သော်လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးထံမှ ပေးပို့ခဲ့သည့်စာထဲတွင် မြန်မာစစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးကို အလွတ်သဘော အစည်းအဝေးသို့ ဖိတ်ကြားထားခြင်း ရှိမရှိကိုမူ ရှင်းရှင်းလင်းလင်း မဖော်ပြထားဟု ဆိုသည်။ 

ထိုင်းဘက်က ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ကြေညာထားခြင်း မရှိသော်လည်း သတင်းရင်းမြစ် (၂) ခုကမူ မြန်မာစစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးကို ထိုအစည်းအဝေးသို့ ဖိတ်ကြားထားကြောင်း ပြောခဲ့သည်။ 

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဌ အဖြစ် တာဝန်ယူထားသည့် အင်ဒိုနီးရှားက ထိုအစည်းအဝေးသို့ တက်ရောက်ရန် ငြင်းပယ်ခဲ့ကြောင်း သတင်းရင်းမြစ် (၃) ခုက ပြောသည်။ 



ယခုအစည်းအဝေးက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ကနဦး အဆင့်များ၏ အစိတ်အပိုင်းဖြစ်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ စာထဲတွင် ပြောထားသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ခံ အရပ်သားအစိုးရထံမှ အာဏာသိမ်းခဲ့ပြီးနောက် စစ်အုပ်စုက မြန်မာနိုင်ငံ ငြိမ်းချမ်ရေးအတွက် အာဆီယံနှင့် ဘုံသဘောတူညီချက် (၅) ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ 

အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်တွင် မြန်မာနိုင်ငံ၌ ရန်လိုအကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်သူများ အားလုံးကြား တွေ့ဆုံဆွေးနွေးရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အပြည့်အဝ ခွင့်ပြုပေးရန်တို့ ပါဝင်သည်။

သို့သော် ထိုသဘောတူညီချက်များကို လက်တွေ့ လိုက်နာအကောင်အထည်ဖော်ရန် ပျက်ကွက်နေခဲ့ရာ အာဆီယံက မြန်မာစစ်အုပ်စုကို အဆင့်မြင့် အစည်းအဝေးများသို့ တက်ရောက်ခွင့်မပေးပဲ ပိတ်ပင်ထားခဲ့သည်။

 မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်အုပ်စုက ရက်စက်ကြမ်းကြုတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေကြောင်း လူ့အခွင့်အရေးဆိုင်ရာ အဖွဲအစည်းများနှင့် ကုလသမဂ္ဂ ကျွမ်းကျင်သူများက ပြောဆိုထားသည်။

 

Source: Reuters