အင်ဒိုနီးရှားတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူ (၁၆၀) ကျော် သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရ၊ နေအိမ် ထောင်နှင့်ချီ ပျက်စီး

အင်ဒိုနီးရှားတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူ (၁၆၀) ကျော် သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရ၊ နေအိမ် ထောင်နှင့်ချီ ပျက်စီး
နိုဝင်ဘာ 22, 2022 | နိုင်ငံတကာသတင်း
By Mr John

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်တွင် နိုဝင်ဘာလ (၂၁) ရက်နေ့က ရစ်ချ်တာစကေး (၅.၆) အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် လူ (၁၆၀) ကျော် သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရခဲ့ကြောင်းနှင့် ညပိုင်းတွင် နောက်ဆက်တွဲငလျင်များ ဆက်တိုက်လှုပ်နေမှုကြား ကယ်ဆယ်ရေးသမားများက အပျက်အစီးများအောက်တွင် ပိတ်မိနေသူများကို ရှာဖွေကယ်ထုတ်ရန်ကြိုးပမ်းနေခဲ့ကြောင်း သိရသည်။

ဂျကာတာမြို့တော်၏ အရှေ့တောင်ဘက် (၄၆) မိုင်ကျော်အကွာ Cianjur မြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူ (၁၆၂) ဦး သေဆုံးပြီး (၃၂၅) ဦး ဒဏ်ရာရခဲ့ကြောင်း အနောက်ဂျာဗားပြည်နယ် အုပ်ချုပ်ရေးမှူး Ridwan Kamil က Instagram တွင် ပြောထားသည်။ 

ငလျင်လှုပ်မှုကြောင့် ဂျကာတာမြို့တော်တွင် အဆောက်အအုံများ လှုပ်ရမ်းခဲ့ပြီး ရုံးခန်းအချို့မှ လူများကို ရွှေ့ပြောင်းခဲ့ရသည်။

"အဆောက်အအုံများစွာ ပြိုကျပျက်စီးခဲ့တယ်။ ပိတ်မိနေသူတွေရှိလို့ သေဆုံးဒဏ်ရာသူ အရေအတွက် မြင့်တက်လာမယ်လို့ ယူဆထားပါတယ်" ဟု Ridwan က သတင်းထောက်များကို ပြောသည်။ 

အင်ဒိုနီးရှားနိုင်ငံ ဘေးအန္တရာယ်ဆိုင်ရာဌာန BNPB က ထုတ်ပြန်မှုအရ ငလျင်ကြောင့် ပြိုကျခဲ့သည့် အဆောက်အအုံ အပျက်အစီးများအောက်တွင် အနည်းဆုံး လူ (၂၅) ဦး ပိတ်မိနေကြောင်း သိရသည်။

ငလျင်ကြောင့် နေအိမ် (၂,၂၀၀) ကျော် ပျက်စီးခဲ့ပြီး Cianjur မြို့တွင် လူဦးရေ (၁၃,၀၀၀) ကျော် နေအိမ်စွန့်ခွာခဲ့ကြရကြောင်း BNPB ပြောခွင့်ရပုဂ္ဂိုလ် Abdul Muhari က ပြောသည်။ 

ငလျင်ကြောင့် လျှပ်စစ်ဓာတ်အားနှင့် ဆက်သွယ်ရေးများ ပြတ်တောက်ခဲ့ကြောင်း Cianjur မြို့ အုပ်ချုပ်ရေးဌာန အကြီးအကဲ Herman Suherman က ပြောသည်။ 

မြေပြိုမှုကြောင့် လမ်းများပိတ်ဆို့နေရာ ထို့မြို့၏ Cugenang ဧရိယာရှိ လူများကို ရွှေ့ပြောင်းပေးနိုင်ခြင်း မရှိသေးဟုလည်း ၎င်းကဆိုသည်။

မြေအောက်အနက် (၆) မိုင်ကျော်၌ လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးမှုပမာဏကို သိရှိနိုင်ရန် အစိုးရအရာရှိများက လုပ်ဆောင်နေဆဲ ဖြစ်သည်။ 

ထိုငလျင်လှုပ်ပြီးနောက် (၂) နာရီ မပြည့်မီ နောက်ဆက်တွဲ ငလျင်များ (၂၅) ကြိမ် ထပ်လှုပ်ခဲ့ကြောင်း အင်ဒိုနီးရှားမိုးလေဝသဌာန မိုးလေဝသဌာန BMKG က ထုတ်ပြန်သည်။ 

မိုးသည်းထန်စွာ ရွာသွန်းနေမှုအတွင်း နောက်ထပ်မြေပြိုမှုများ ဖြစ်နိုင်ခြေကို စိုးရိမ်မှုများရှိကြောင်းလည်း BMKG က ပြောသည်။

ငလျင်လှုပ်မှုကြောင့် အဆောက်အအုံများ လှုပ်ရမ်းနေသည်ကို ခံစားခဲ့ရပြီး ပရိဘောဂပစ္စည်းများ ရွေ့သွားသည်ကို တွေ့ရကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူများက Reuters သတင်းဌာနကို ပြောသည်။ 

အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့ကျောက်ဖျာချပ်ကြီးများ ဆုံတွေ့ကြပြီး ငလျင်လှုပ်မှုနှင့် မီးတောင်ပေါက်ကွဲမှုများ အဖြစ်များသည့် ပစိဖိတ်မီးကွင်း (Pacific Ring of Fire) ခေါ် နေရာတွင် တည်ရှိနေသည်။

၂၀၀၄ ခုနှစ်က အင်ဒိုနီးနီးရှားမြောက်ပိုင်း ဆူမာတြားကျွန်း ကမ်းလွန်တွင် ရစ်ချ်တာစကေး (၉.၁) ရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ရာ နိုင်ငံ (၁၄) ခု၌ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့ပြီး ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက်တွင် လူ (၂၂၆,၀၀၀) ကျော် သေဆုံးခဲ့ပြီး ထက်ဝက်ကျော်မှာ အင်ဒိုနီးရှားတွင်ဖြစ်ကြောင်း သိရသည်။

Source: Reuters, BBC

Photo: Antara Foto/Raisan Al Farisi via REUTERS, REUTERS/Iman Firmansyah, REUTERS