ဗြိတိန်မှာ အပူလှိုင်းဖြတ်စဥ် နေအပူရှိန်ဖြင့် နံနက်စာချက်ပြခဲ့သည့် အမျိုးသား

  ဗြိတိန်မှာ အပူလှိုင်းဖြတ်စဥ် နေအပူရှိန်ဖြင့် နံနက်စာချက်ပြခဲ့သည့် အမျိုးသား
ဇူလိုင် 20, 2022 | နိုင်ငံတကာသတင်း
By Mr John

 အပူလှိုင်းဖြတ်ပြီး အပူချိန်များ လွန်ကဲစွာ မြင့်တက်နေသည့် ဗြိတိန်တွင် နေအိမ်ပြင်ပနေရာများက မီးဖိုသဖွယ် ပူပြင်းနေခဲ့ရာ အမျိုးသားတစ်ဦးက ၎င်း၏နေအိမ်အပြင်ဘက်၌ နံနက်စာအဖြစ် ရေခဲသေတ္တာတစ်လုံးပေါ်တွင် ဝက်ပေါင်ခြောက်၊ ကြက်ဥနှင့် ပဲတို့ကို ချက်ပြုတ်ပြခဲ့ရာ မိနစ် (၃၀) မျှအတွင်း ကျတ်သွားခဲ့သည်ကို TikTok ဗီဒီယိုဖြင့် မှတ်တမ်းတင်မျှဝေထားသည်။

 

Video: Dannyhaw(Tiktok)

အသက် (၃၀) အရွယ် ဒန်နီဟောက ဗြိတိန်၏ သမိုင်းနှင့် မှတ်တမ်းတစ်လျှောက် အပူဆုံးနေ့များ ကြုံတွေ့နေရစဥ် နေအိမ်ပြင်ပ၌ နေအပူရှိန်ဖြင့် ချက်ပြုတ်ခဲ့သည်ကို ဗီဒီယိုရိုက်ကူးကာ TikTok တွင် မျှဝေခဲ့ခြင်းဖြစ်သည်။

ဗြိတိန်၏ အပူချိန်များ (၄၀) ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်နေခဲ့ရာ West Yorkshire ကောင်တီ Pontefrat မြို့ငယ်လေးတွင်နေထိုင်သူ ဒန်နီက ပူပြင်းတောက်လောင်နေသည့် နေအပူရှိန်ဖြင့် နံနက်စာချက်စားနိုင်မလားဟု စိတ်ဝင်စားခဲ့သည်ဟု ဆိုသည်။

နေ့လယ်ပိုင်းအချိန် ရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်းတွင် ဒန်နီက ရေခဲသေတ္တာပေါ်တွင် ကြက်ဥတစ်လုံးကို ဖောက်ထည့်လိုက်ပြီး ဝက်ပေါင်ခြောက် (၂) ခုနှင့်အတူ ဖွင့်ထားသော ပဲဘူးတစ်ဘူးကိုလည်း တင်ထားလိုက်သည်ကို တွေ့ရသည်။ ထို့နောက် မိနစ် (၃၀) အကြာတွင် ၎င်း၏ ချက်ပြုတ်ပြီးသား နံနက်စာကို ဒန်နီက ပြသခဲ့သည်။ ဒန်က "ဒီနေ့ ချက်ရတာ ပိုကောင်းတယ်" ဟု ပြောနေသည်ကို ဗီဒီယိုတွင် ကြားခဲ့ရသည်။

"စတီးလ်သားကိုယ်ထည်နဲ့ ရေခဲသေတ္တာတစ်လုံးကို ကျွန်တော် ဝယ်ခဲ့တယ်။ ပြီးတော့ ပုံမှန်မဟုတ်ဘဲ ပူပြင်းနေတဲ့ အိမ်အပြင်ဘက်မှာ ရေခဲသေတ္တာကိုထားတဲ့အခါ ထိလို့မရအောင် ပူခြစ်နေတယ်။ ဒါကြောင့် အဲဒီပေါ်မှာ ကြက်ဥကြော်ကြည့်မယ်လို့ တွေးမိသွားတယ်" ဟု ဒန်နီက ပြောသည်။ 

"ဗြိတိန်ရာသီဥတု ဒီလောက်ပူတာ ကျွန်တော် လုံးဝ မကြုံဖူးဘူး။ ဒါကြောင့် နေအပူရှိန်နဲ့ ချက်လို့မရလားဆိုတာကြည့်ရအောင် ကျွန်တော် တွေးမိတယ်။ အဲဒီအချိန်က နေ့လယ်ပိုင်းလောက်ဖြစ်ပြီး အပူချိန်က (၃၀) ဒီဂရီဆဲလ်စီးယပ်လောက် ဖြစ်ခဲ့တယ်။ ကျွန်တော် မိနစ် (၃၀) ကြာလောက်ထားပြီး ချက်ကြည့်ခဲ့တယ်" ဟု ၎င်းကဆိုသည်။

"ကျွန်တော် အဲဒါတွေကို မစားခဲ့ပါဘူး။ ဒါပေမဲ့ ပထမဆုံး ကြက်ဥနဲ့ စမ်းကြည့်ခဲ့တယ်။ ပျော်စရာကောင်းတဲ့ စမ်းသပ်မှုပဲဗျ။ အလုပ်ဖြစ်တယ်လေ။ ဒါနဲ့ ဗီဒီယိုမှတ်တမ်းကို TikTok မှာတင်လိုက်တာပါပဲ။ ဘာမှလည်း မစဥ်းစာမိပါဘူး။ ဗီဒီယိုက ဒီလောက်ပေါက်သွားမယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ လူတစ်သန်းနီးပါး ဒါကို ကြည့်ခဲ့ကြတယ်ဗျ" ဟု ဒန်နီက ပြောသည်။

#TachileikNewsAgency

Source: Mirror