နယူးဇီလန်နိုင်ငံ၏ ဝေးလံခေါင်သီသော ကျွန်းစုတွင် ဝေလငါး အကောင်ရေ (၅၀၀) သောင်တင် သေဆုံး

နယူးဇီလန်နိုင်ငံ၏ ဝေးလံခေါင်သီသော ကျွန်းစုတွင် ဝေလငါး အကောင်ရေ (၅၀၀) သောင်တင် သေဆုံး
အောက်တိုဘာ 13, 2022 | နိုင်ငံတကာသတင်း
By Mr John

တောင်ပစိဖိတ်သမုဒ္ဒရာအတွင်း နယူဇီလန်နိုင်ငံ၏ ဝေးလံသီခေါင်သော ကျွန်းပေါ်တွင် ရေကြောင်းလမ်းပြ ဝေလငါး အကောင်ရေ ရာနှင့်ချီ သောင်တင် သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့များနှင့် ဝေလငါးထိန်းသိမ်းရေးသမားများက ပြောသည်။ 

  နယူးဇီလန်နိုင်ငံ Department of Conservation က CNN သတင်းဌာနကို ပြောကြားမှုအရ တောင်ပိုင်းကျွန်းမကြီး (South Island) ၏ အရှေ့ဘက် မိုင် (၅၂၀) အကွာရှိ Chatham ကျွန်းစုတွင် သီတင်းပတ်ကုန်ရက်များအတွင်း သီးခြားစီ အစုလိုက်အပြုံလိုက် သောင်တင်မှုဖြစ်ရပ် (၂) ခုတွင် လမ်းပြဝေလငါး အကောင်ရေ (၅၀၀) နီးပါး သောင်တင်ခဲ့ကြောင်း သိရသည်။

Chatham ကျွန်းဧရိယာတွင် လူများနှင့် ဝေလငါးများကိုပါ ငါးမန်းတိုက်ခိုက်နိုင်သည့် အန္တရာယ်ရှိမှုကြောင့် သောင်တင်နေသည့် ‌ဝေလငါးများကို ရေထဲသို့ ပြန်ပို့ပေးရန် မကြိုးပမ်းခဲ့ကြောင်း Department of Conservation ၏ ရေကြောင်းနည်းပညာအကြံပေး Dave Lundquist က ပြောသည်။ 

သောင်တင်ပြီးနောက် အသက်ရှင်နေသေးသည့် ဝေလငါးများကို နောက်ထပ် ဝေဒနာမခံစားရစေရန် ညင်သာစွာ ဇီဝိန်ခြွေပေးသည့် နည်းလမ်းဖြင့် သတ်ပစ်ခဲ့ကြောင်း သိရသည်။

"ဒီဆုံးဖြတ်ချက်ကို ပေါ့ပေါ့တန်တန် လုပ်ခဲ့တာ လုံးဝ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုအခြေအနေမှာ ဒါက အကြင်နာဆုံး ရွေးချယ်မှုဖြစ်ပါတယ်" ဟု Lundquist က ပြောသည်။ 

ဝေလငါး အများစုမှာ သောင်တင်လာသည့်အချိန်တွင် သေဆုံးနေပြီးဖြစ်ကြောင်းနှင့် အသက်ရှင်နေသေးသည့် ဝေလငါးများမှာလည်း ကျန်းမာရေးအခြေအနေ မကောင်းတော့ကြောင်း ဝေလငါးကယ်ဆယ်ရေးအဖွဲ့အစည်း Project Jonah ၏ မန်နေဂျာ Daren Grover က ဆိုသည်။

"နေရာတစ်ခုတည်းမှာ ဒီလောက်များပြားတဲ့ ဝေလငါးတွေ သောင်တင်လာတာက ပုံမှန်မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုဖြစ်ရပ်မျိုးက မကြားဖူးတာတော့ မဟုတ်ဘူး" ဟု ၎င်းက ပြောသည်။ 

ဝေလငါးများ သောင်တင်လာသည့် ဧရိယာတွင် ငါးမန်းအန္တရာယ်ရှိပြီး ကယ်ဆယ်ရေးအဖွဲ့အနေဖြင့် သတင်းရရှိချိန်အရ Chatham ကျွန်းစုသို့ သွားရောက်ရန် မဖြစ်နိုင်သလောက် အခြေအနေဟု ဆိုသည်။

စက်တင်ဘာလ (၂၁) ရက်နေ့ကလည်း ဩစတြေးလျနိုင်ငံ တက်စ်မေးနီးယားကျွန်း၏ အနောက်ဘက်ကမ်းရိုးတန်းရှိ ဝေးလံသည့် ကမ်းခြေတစ်ခုတွင် ဝေလငါး အကောင်ရေ (၂၀၀) ကျော် သောင်တင်ခဲ့ဖူးကြောင်း သိရသည်။ 

ရေကြောင်းလမ်းပြ ဝေလငါးများ ကမ်းခြေတွင် သောင်တင်မှုမှာ အဖြစ်များသော်လည်း ထိုသို့ သောင်တင်မှုနှင့် ပတ်သက်၍ ကောင်းစွာ နားလည်ထားခြင်းမရှိဟု Department of Conservation က ပြောသည်။

သိပ္ပံပညာရှင်အများစုကမူ ဝေလငါးများ သောင်တင်ခြင်းမှာ ၎င်းတို့ထံတွင် ရောဂါစွဲကပ်ဖြစ်ပွားပြီး သဘာဝအတိုင်း သက်တမ်းကုန်ဆုံးခြင်းဖြစ်ကြောင်း ယူဆထားကြသည်။ 

လူဦးရေ (၆၀၀) ခန့်သာ နေထိုင်ကြသည့် Chatham ကျွန်းစုမှာ နယူဇီးလန်တွင် ဝေလငါးများ သောင်တင်မှုအများဆုံး နေရာ (၃) ခုအနက် ပါဝင်သည်။ 

၁၉၈၁ ခုနှစ်က ထိုကျွန်းစုတွင် ဝေလငါးအကောင်ရေ (၁,၀၀၀) ခန့် သောင်တင်ခဲ့ပြီး နယူးဇီလန်တွင် အကြီးဆုံး သောင်တင်မှုဖြစ်ရပ်အဖြစ် စံချိန်တင်ခဲ့သည်။

Source: CNN