ဒေါ်နယ်ထရမ့်ကို ဆူပူအုံကြွမှု ကြိုးကိုင်စီစဥ်ပြီး အာဏာသိမ်းရန်ကြိုးပမ်းခဲ့ဟု စွပ်စွဲ

ဒေါ်နယ်ထရမ့်ကို ဆူပူအုံကြွမှု ကြိုးကိုင်စီစဥ်ပြီး အာဏာသိမ်းရန်ကြိုးပမ်းခဲ့ဟု စွပ်စွဲ
By Mr John

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် လွှတ်တော်အဆောက်အအုံ ဆူပူအုံကြွ စီးနင်းမှုကို ကြိုးကိုင်စီစဥ်ပြီး အာဏာသိမ်းရန်ကြိုးပမ်းခဲ့ကြောင်း ထိုဖြစ်ရပ်ကို ကြားနာစစ်ဆေးသည့် လွှတ်တော်စုံစမ်းမှုတွင် စွပ်စွဲထားသည်။ 

မစ္စတာထရမ့်က ထိုစီးနင်းတိုက်ခိုက်မှုဖြစ်စေရန် အစပျိုး မီးမွှေးခဲ့သည်ဟု ရီပတ်ဘလစ်ကင်တစ်ဦးဖြစ်သူ စုံစမ်းမှုကော်မတီ ဒုတိယဥက္ကဌ Liz Cheney က ပြောခဲ့သည်။ 

ထိုဆူပူအုံကြွမှုက အမေရိကန်ဒီမိုကရေစီကို အန္တရာယ်ပြုခဲ့ကြောင်း ဒီမိုကရက်တစ် လွှတ်တော်အမတ် Bennie Thompson က ဆိုသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့တွင် ဂျိုးဘိုင်ဒန်၏ ရွေးကောက်ပွဲအောင်နိုင်မှုကို အတည်ပြုရန် လွှတ်တော်အစည်းအဝေး ကျင်းပနေစဥ် ထရမ့်ကိုထောက်ခံသူများက အမေရိကန်လွှတ်တော်အဆောက်အအုံကို အကြမ်းဖက်စီးနင်းခဲ့ကြခြင်း ဖြစ်သည်။ 

ထိုဖြစ်ရပ်ကို တစ်နှစ်နီးပါးကြာ စုံစမ်းစစ်ဆေးခဲ့ပြီနောက် ဒီမိုကရက်တစ် ဦးဆောင်သည့် အမေရိကန်အောက်လွှတ်တော် (House of Representatives) ကော်မတီက ဇွန်လ (၉) ရက် ညပိုင်းတွင် မစ္စတာထရမ့်၏ အတွင်းစည်း အဖွဲ့ဝင်များကို မေးမြန်းထားသည့် မှတ်တမ်းဗီဒီယိုများကို ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသခဲ့သည်။

အမေရိကန်နိုင်ငံတဝန်း ညပိုင်း ရုပ်မြင်သံကြားကြည့်ရှုမှု အများဆုံးအချိန်တွင် ထိုဗီဒီယိုမှတ်တမ်းများကို ထုတ်လွှင့်ပြသခဲ့ခြင်းလည်း ဖြစ်သည်။ 

ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသသည့် မှတ်တမ်းတွင် အမေရိကန်ရှေ့နေချုပ် Bill Barr က ၎င်းအနေဖြင့် သမ္မတဟောင်းထရမ့်ကို ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ကြောင်းနှင့် ရွေးကောက်ပွဲတွင် မသမာမူရှိကြောင်း ပြောဆိုမှုများမှာ မှားယွင်းကြောင်း အကြိမ်ကြိမ် ပြောခဲ့သည်ဟု ထွက်ဆိုထားသည်။

ထို့အတူ သမ္မဟောင်းထရမ့်၏ သမီးဖြစ်သူ အိုင်ဗင်ကာထရမ့်က ဖခင်ဖြစ်သူ၏ ရွေးကောက်ပွဲလိမ်လည်မှုရှိခဲ့ကြောင်း ယူဆမှုအပေါ် ရှေ့နေချုပ် Bill Barr က ပယ်ချခဲ့ခြင်းကို သူမ လက်ခံကြောင်း ပြောထားသည့် ဗီဒီယိုမှတ်တမ်းကိုလည်း ထုတ်လွှင့်ပြသခဲ့သည်။ 

ဇွန်လ (၉) ရက် ညပိုင်းက အောက်လွှတ်တော် စုံစမ်းမှုများ ထုတ်လွှင့်ပြသခြင်းမပြုမီ ထရမ့်က ထိုစုံစမ်းမှုကို နိုင်ငံရေးလိမ်လည်မှုအဖြစ် ပယ်ချခဲ့သည်။ 

ဇွန်လအတွင်း လွှတ်တော်ကြားနာစစ်ဆေးမှု (၆) ခု ပြုလုပ်သွားဖွယ်ရှိကြောင်းလည်း သိရသည်။

ထရမ့်ကိုထောက်ခံသူများက အမေရိကန်လွှတ်တော်အဆောက်အအုံကို ဆူပူအုံကြွ စီးနင်းသည့်ဖြစ်ရပ်မှာ ရုပ်ဆိုးအကျည်းတန်သည့် ဖြစ်ရပ်တစ်ခုအဖြစ် ကမ္ဘာ့တဝန်းတွင် ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်ခဲ့သည်။ 

ထိုဖြစ်ရပ်အတွင်း ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် လက်နက်မဲ့ အမျိုးသမီးတစ်ဦး အပါအဝင် လူ (၄) ဦး သေဆုံးခဲ့ပြီး ရဲအရာရှိ (၁၀၀) ကျော် ဒဏ်ရာရခဲ့သည်။ 

နောက်ပိုင်းတွင် အခြား ရဲအရာရှိ (၄) ဦးက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုကြောင့် သေဆုံးခဲ့သည်။

Source: BBC, Reuters