ထိုင်းနိုင်ငံတွင် ပြန်ပေးဆွဲ လူသတ်မှုဖြင့် မြန်မာအမျိုးသား (၂) ဦး အဖမ်းခံရ

 အဆိုပါ အမှုကို တာဝန်ယူထားသည့် လက်ထောက်ရဲတပ်ဖွဲ့အကြီးအကဲ ရဲဒုတိယဗိုလ်ချုပ်ကြီး Surachate Hakpan နှင့်အဖွဲ့မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်[ Photo: Achadthaya Chuenniran ]
အဆိုပါ အမှုကို တာဝန်ယူထားသည့် လက်ထောက်ရဲတပ်ဖွဲ့အကြီးအကဲ ရဲဒုတိယဗိုလ်ချုပ်ကြီး Surachate Hakpan နှင့်အဖွဲ့မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်[ Photo: Achadthaya Chuenniran ]
ထိုင်းနိုင်ငံတွင် ပြန်ပေးဆွဲ လူသတ်မှုဖြင့် မြန်မာအမျိုးသား (၂) ဦး အဖမ်းခံရ
ဇူလိုင် 20, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံတွင် ဒေသခံ နိုင်ငံရေးသမား (၂) ဦး၏ ဖခင်ဖြစ်သူကို ဖမ်းဆီးကာ ပြန်ပေးရွေးငွေ ဘတ် (၈) သန်း တောင်းခဲ့ပြီးနောက် သတ်ဖြတ်ခဲ့မှုဖြင့် မြန်မာနိုင်ငံသား အမျိုးသား (၂) ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။ 

အသက် (၈၁) နှစ်အရွယ် Thanu Jaidee ၏ အလောင်းကို Kra Buri ခရိုင် Pak Chan နယ်မြေရှိရော်ဘာခြံရှိအတွင်း နေအိမ်တွင် ဇူလိုင်လ (၁၀) ရက်နေ့က တွေ့ရှိခဲ့ရသည်။

သေဆုံးသူ၏ ဦးခေါင်းနောက်ဘက်နှင့် မျက်နှာတွင် ရိုက်နှက်ထိုးကြိတ်ခံထားရသည့် ဒဏ်ရာများတွေ့ခဲ့ရသည်ဟု ဆိုသည်။ သေဆုံးသူမှာ ရနောင်းလွှတ်တော်အမတ်၏ လက်ထောက်ဖြစ်သူ Thawat Jaidee နှင့် Pak Chan အုပ်ချုပ်ရေးအဖွဲ့ အမျိုးသမီးဥက္ကဌ Narumol Boonchuay တို့၏ ဖခင်ဖြစ်ကြောင်း ထိုအမှုကို တာဝန်ယူထားသည့် လက်ထောက်ရဲတပ်ဖွဲ့အကြီးအကဲ ရဲဒုတိယဗိုလ်ချုပ်ကြီး Surachate Hakpan ၏ ပြောကြားသည်။

ဇူလိုင်လ (၉) ရက်နေ့ မွန်းလွဲပိုင်းတွင် Thawat က Pak Chan ရဲတပ်ဖွဲ့ထံ ဖုန်းခေါ်ဆိုခဲ့ပြီး ၎င်း၏ဖခင်မှာ အမှတ်(၅) ကျေးရွာ၏ နေအိမ်ကနေ ပျောက်ဆုံးနေကြောင်း တိုင်ကြားခဲ့သည်။ 

မည်သူမှန်းမသိသော အမျိုးသားတစ်ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ဖခင်ဖြစ်သူ Thanu Jaidee ကို နေအိမ်မှ ခေါ်ဆောင်သွားခဲ့သည်ဟု Thawat ကို အိမ်နီးချင်းများက ပြောခဲ့ကြသည်။ 

ထိုနေ့ ညနေ (၆) နာရီခွဲတွင် Thawat ၏ တူဖြစ်သူထံ ဖုန်းမက်ဆေ့ချ်ရောက်လာခဲ့ပြီး Thanu Jaidee ကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်းနှင့် ပြန်လွှတ်ပေးရန်အတွက် ပြန်ပေးရွေးငွေ ဘတ် (၈) သန်း ပေးရမည်ဟု ရေးသားထားသည်။

ထို့နောက် Thanu Jaidee ကို ညတွင်းချင်း လိုက်လံရှာဖွေခဲ့ကြပြီး နောက်တစ်ရက်ဖြစ်သည့် ဇူလိုင်လ (၁၀) ရက်တွင် ၎င်း၏အလောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 

ဇူလိုင်လ (၁၈) ရက်နေ့တွင်မူ ထိုအမှုနှင့်ပတ်သက်၍ သံသယရှိသူ မြန်မာအမျိုးသား (၂) ဦးဖြစ်သည့် အသက် (၂၃) နှစ်အရွယ် ဇော်မျိုးနှင့် အသက် (၃၆) နှစ်အရွယ် ခင်မောင်ဇော်တို့ကို ဖမ်းဆီးရန် ရနောင်းတရားရုံးထံမှ ဖမ်းဝရမ်းထုတ်ခဲ့သည်။

၎င်းတို့ကို ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ပြန်ပေးရွေးငွေတောင်းမှုတို့ဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။ အဆိုပါ သံသယရှိသူ မြန်မာအမျိုးသား (၂) ဦးက Thanu Jaidee ၏ ဦးခေါင်းကို သစ်သားချောင်းဖြင့် ရိုက်နှက်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြသည်။ 

ထို့နောက် သေဆုံးသွားသည့် Thanu Jaidee ၏ ခြေထောက်များကို ပုဆိုးပိုင်းစဖြင့် ချည်နှောင်ခဲ့ပြီး အလောင်းကို ရေတွင်းဟောင်းတစ်ခုတွင် စွန့်ပစ်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Source: Bangkok Post