အမေရိကန်သို့ လေကြောင်းဖြင့်လာရောက်သည့် ခရီးသွားများ COVID-19 စစ်ဆေးချက် ပြရန်မလို

Photo: REUTERS/Sarah Meyssonnier/File Photo
Photo: REUTERS/Sarah Meyssonnier/File Photo
အမေရိကန်သို့ လေကြောင်းဖြင့်လာရောက်သည့် ခရီးသွားများ COVID-19 စစ်ဆေးချက် ပြရန်မလို
By Mr John

နိုင်ငံတကာမှ အမေရိကန်နိုင်ငံသို့ လေကြောင်းခရီးဖြင့် လာရောက်ကြသူများ COVID-19 ကင်းရှင်းကြောင်း စစ်ဆေးမှုရလဒ် ပြသရန်လိုအပ်ချက်ကို (၁၇) လကြာပြီးနောက် ဇွန်လ (၁၀) ရက် နှောင်းပိုင်းတွင် ပယ်ဖျက်လိုက်ပြီဟု သိရသည်။ 

လေကြောင်းလိုင်းများနှင့် ခရီးသွားလုပ်ငန်းများက အပြင်းအထန် စည်းရုံးတောင်းဆိုခဲ့ကြပြီးနောက် အမေရိကန်အစိုးရ အဆိုပါ လိုအပ်ချက်ကို ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။

အမေရိကန် CDDC (Centers for Disease Control and Prevention) ညွှန်ကြားရေးမှူး Rochelle Walensky က လေကြောင်းခရီးဖြင့် ရောက်ရှိလာသူများ COVID-19 ကင်းရှင်းကြောင်း စစ်ဆေးမှုရလဒ် ပြသရန်လိုအပ်ချက်ကို ပယ်ဖျက်လိုက်ကြောင်း စာမျက်နှာ (၄) မျက်နှာပါ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပြီး ဇွန်လ (၁၁) ရက် ညသန်းခေါင်ကျော် ဇွန်လ (၁၂) ရက် နံနက်ကူးပြောင်းချိန်တွင် စတင်သက်ရောက်မည်ဟု ဆိုသည်။ 

လေကြောင်းခရီးဖြင့် ရောက်ရှိလာသူများ COVID-19 ကင်းရှင်းကြောင်း စစ်ဆေးမှုရလဒ် ပြသရန် လောလောဆယ် မလိုအပ်ကြောင်း ၎င်းကပြောသည်။

ယခု ပယ်ဖျက်လိုက်သည့် လိုအပ်ချက်မှာ အမေရိကန်က သတ်မှတ်ထားသော COVID-19 ဆိုင်ရာ ခရီးသွားလာမှုအတွက် နောက်ဆုံးကျန်ရှိသည့် အဓိက လိုအပ်ချက်များအနက် တစ်ခုအပါအဝင်လည်း ဖြစ်သည်။ 

နွေရာသီကာလ ခရီးသွားရာသီ စတင်ပြီဖြစ်ပြီး လေကြောင်းလိုင်းများက စံချိန်တင် ခရီးသွားလာမှုအတွက် ပြင်ဆင်နေကြစဥ် အမေရိကန်အစိုးရက ထိုလိုအပ်ချက်ကို ပယ်ဖျက်လိုက်သည်။

အမေရိကန်အများအပြားမှာ COVID-19 ရှိကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် နိုင်ငံရပ်ခြားတွင် သောင်တင်နေမည်ကို စိုးရိမ်ပူပန်မှုကြောင့် နိုင်ငံတကာသို့ ခရီးမထွက်ကြကြောင်း လေကြောင်းလိုင်းများက ဆိုသည်။ 

အမေရိကန် Department of Health and Human Services အကြီးအကဲ Xavier Becerra က CDC ၏ ယခုဆုံးဖြတ်ချက်မှာ သိပ္ပံပညာနှင့် ရရှိနိုင်သော အချက်အလက်အပေါ် အခြေခံထားခြင်းဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် လိုအပ်လာပါက ခရီးမထွက်မီ COVID-19 စစ်ဆေးရန်လိုအပ်ချက်ကို ပြန်သတ်မှတ်ရန် တုံ့ဆိုင်းနေမည်မဟုတ်ကြောင်း ပြောခဲ့သည်။

CDC က ယခုဆုံးဖြတ်ချက်ကို ရက် (၉၀) အတွင်း ပြန်လည် အကဲဖြတ်သုံးသပ်သွားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရအရာရှိတစ်ဦးက ဆိုသည်။ 

အမေရိကန်အစိုးရက ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစပြီး နိုင်ငံတကာလေကြောင်းခရီးဖြင့် နိုင်ငံအတွင်းသို့ ဝင်ရောက်လာကြသည့် ခရီးသွားများအနေဖြင့် ခရီးမထွက်မီ COVID-19 ကင်းရှင်းကြောင်း စစ်ဆေးမှုရလဒ် ပြသရန်လိုအပ်ကြောင်း သတ်မှတ်ထားခဲ့သည်။

Source: Reuters, BBC