ရုရှားသမ္မတ ပူတင်က ၎င်း၏ စစ်သားများ ယူကရိန်း စစ်ပွဲတွင် လက်နက်ချ ထွက်ပြေးမှုများ မပြုလုပ်ရဲအောင် ထောင်(၁၀)နှစ်အထိ ချမှတ်နိုင်သည့် ပြစ်ဒဏ် ပြင်ဆင် သတ်မှတ်

ရုရှားသမ္မတ ပူတင်က ၎င်း၏ စစ်သားများ ယူကရိန်း စစ်ပွဲတွင် လက်နက်ချ ထွက်ပြေးမှုများ မပြုလုပ်ရဲအောင် ထောင်(၁၀)နှစ်အထိ ချမှတ်နိုင်သည့် ပြစ်ဒဏ် ပြင်ဆင် သတ်မှတ်
စက်တင်ဘာ 26, 2022 | နိုင်ငံတကာသတင်း
By Mr John

ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားစစ်တပ်တွင် စစ်မှုထမ်းမည့် နိုင်ငံခြားသားများကို နိုင်ငံသား ဖြစ်ခွင့်ပေးမည်ဖြစ်ပြီး စစ်ပွဲတွင် မိမိသဘောဆန္ဒဖြင့် လက်နက်ချ အညံ့ခံခြင်း၊ စစ်တပ်မှ ထွက်ပြေးခြင်းနှင့် တိုက်ခိုက်ရန် ငြင်းဆန်ခြင်း စသည့် အမိန့်ဖီဆန်ပါက  ပိုမိုပြင်းထန်သည့် ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် (၁၀) နှစ် ပြင်ဆင်သတ်မှတ်လိုက်ကြောင်း သိရသည်။ 

ပူတင်က အရန်တပ်ဖွဲ့များနှင့် စစ်မှုထမ်းဟောင်းများကို စစ်ထဲသို့ခေါ်ယူသည့် တစ်စိတ်တစ်ပိုင်း စစ်စည်းရုံးခြင်း အမိန့်ဒီကရီ ထုတ်ပြန်ခဲ့ပြီးနောက် ရက်ပိုင်းမျှအကြာတွင် ယခုကဲ့သို့ ပြစ်ဒဏ်ကို တိုးမြှင့်လိုက်ခြင်းလည်း ဖြစ်သည်။

သမ္မတပူတင်က အရန်တပ်ဖွဲ့နှင့်စစ်မှုထမ်းဟောင်း (၃၀၀,၀၀၀) ကို စစ်တပ်သို့ ဆင့်ခေါ်မည့် အမိန့်ဒီကရီထုတ်ပြီးနောက် ရုရှားနိုင်ငံသား အများအပြားမှာ နိုင်ငံမှ ထွက်ပြေးနေကြသည်။ 

ပူတင်က ပြင်ဆင်လိုက်သည့် ပြစ်ဒဏ်အရ စစ်တပ်မှထွက်ပြေးသူ၊ ခွင့်ပြုချက်မရှိဘဲ လက်နက်ချ အညံ့ခံသူ၊ တိုက်ခိုက်ရန် ငြင်းဆန်သူ သို့မဟုတ် အမိန့်မနာခံသူများမှာ ထောင်ဒဏ် (၁၀) နှစ် ကျခံရမည် ဖြစ်ပြီး လုယက်သူများကို ထောင်ဒဏ် (၁၅) နှစ် ပြစ်ဒဏ်ချမှတ်ခံရမည် ဖြစ်သည်။

ပူတင်က စက်တင်ဘာလ (၂၄) ရက်နေ့တွင် လက်မှတ်ရေးထိုးလိုက်သည့် ယခု ပြစ်ဒဏ်ပြောင်းလဲမှုများမှာ ရုရှားက ယူကရိန်းတွင် တိုက်ခိုက်နေသည့် ၎င်း၏စစ်တပ်ကို အဆင့်မြှင့်တင်ရန်ဟု ဆိုသည်။

ပြင်ဆင်လိုက်သည့် သီးခြား ဥပဒေပြင်ဆင်မှုတစ်ခုတွင် ရုရှားစစ်တပ်တွင် ပါဝင်လာသည့် နိုင်ငံခြားသားများကို နိုင်ငံသားဖြစ်ခွင့်ပေးမည်ဟု သိရသည်။ 

ရုရှားစစ်တပ်တွင် အနည်းဆုံး (၁) နှစ် တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံခြားသားများကို နိုင်ငံသားဖြစ်ရန် လျှောက်ထားခွင့်ပြုသွားမည် ဖြစ်သည်။ 

ပုံမှန်အားဖြင့် နိုင်ငံသားဖြစ်ရန် ရုရှားတွင် (၅) နှစ် အခြေချ‌နေထိုင်ရန် လိုအပ်‌ကြောင်း သိရသည်။

Source: AFP, CNA