တာချီလိတ်ခရိုင်တရားရုံးက အမျိုးသမီးတစ်ဦးကို အကြမ်းဖက် ဥပဒေဖြင့် ထောင်ဒဏ် (၁၇)နှစ် ချမှတ်

တာချီလိတ်ခရိုင်တရားရုံးက အမျိုးသမီးတစ်ဦးကို အကြမ်းဖက် ဥပဒေဖြင့် ထောင်ဒဏ် (၁၇)နှစ် ချမှတ်
ဇူလိုင် 11, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ပေါ် တာလော့ရပ်ကွက်အတွင်း အာဏာသိမ်းစစ်အုပ်စု၏ ပစ်ခတ်ဖမ်းဆီးခံရသည့် လူငယ်(၁)ဦးနှင့်အတူ ပူးတွဲပြီး ဖမ်းဆီးခံရသည့် အမျိုးသမီးတစ်ဦးကို တာချီလိတ်ခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမြင့်ဆုံး ထောင်ဒဏ် (၁၇)နှစ် ချလိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၇၆/၂၀၂၂ ဖြင့် ဖွင့်ထားသည့် အဆို ပါအမှုကို တာချီလိတ်ခရိုင်တရားရုံးတွင် ရာကြီးအမှတ် ၉၈/၂၀၂၂၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁(ဂ) အရ ထောင်ဒဏ် (၁၀)နှစ် နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ ထောင်ဒဏ် (၇)နှစ် စုစုပေါင်း (၁၇)နှစ်အထိ ၂၀၂၂ခုနှစ် ဇွန်လ(၃၀)ရက်နေ့က အမိန့်ချမှတ်ခံရခြင်း ဖြစ်သည်။

ပုဒ်မ ၅၁(ဂ)သည် ပြစ်ဒဏ်အနေဖြင့် အနည်းဆုံး ထောင်ဒဏ်(၅)နှစ်မှ အများဆုံး ထောင်ဒဏ်(၁၀)နှစ်အထိ ချမှတ်နိုင်သလို ပုဒ်မ  ၅၂(က)သည် အနည်းဆုံး ထောင်ဒဏ်(၃)နှစ်မှ အများဆုံးထောင်ဒဏ်(၇)နှစ်အထိ ချမှတ်နိုင်သည်ဟု အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွင် ပြဌာန်းထားသော်လည်း တာချီလိတ်ခရိုင်တရားသူကြီးက သက်ညှာခြင်းမရှိဘဲ ပုဒ်မ တစ်ခုချင်းစီ၏ အမြင့်ဆုံး ထောင်ဒဏ်အထိ ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရချိန်တွင် မအေးသန္တာသန့်(ခ)အိမ့်ချစ်ထံတွင် ဖောက်ခွဲစေသည့် လက်နက်နှင့်ပစ္စည်းများ မပါရှိသော်လည်း ၎င်းတို့၏ အမှုကို တရားလိုပြုလုပ်သည့် ရဲအုပ် ဝဿန်ကျော်က  ကိုမင်းသူကျော်(ခ)SS နှင့် မအေးသန္တာသန့်(ခ)အိမ့်ချစ်ထံမှ လက်နက်ခဲယမ်းများ၊ လက်ပစ်ဗုံးများ၊ မိုင်းများ နှင့် စကားပြောစက်တို့ကို သိမ်းဆည်းရမိသည်ဟု သိမ်းကြုံး အမှုဖွင့်ရေးသားသည့်အတွက် မအေးသန္တာသန့်(ခ)အိမ့်ချစ်ထံတွင် လက်နက်ခဲယမ်းတွေ့သည်ဟုဆိုကာ ပုဒ်မ ၅၁(ဂ) ဖြင့် တရားစွဲဆိုသလို အကြမ်းဖက်ရန်အတွက် အားပေးကူညီမှုဟုဆိုကာ ၅၂(က)ဖြင့်လည်း အမှုဖွင့်ခြင်း ဖြစ်သည်။

"အခုက ပုဒ်မ တစ်ခုချင်းစီရဲ့ အမြင့်ဆုံး ထောင်ဒဏ်ချလိုက်တာပဲ။ ပုဒ်မတိုင်းမှာ အနည်းဆုံး ထောင်ဒဏ်လည်းရှိတယ်။ ခုက ကိုယ်တိုင် ကျူးလွန်တာလည်းမဟုတ်ဘူး။ နောက်ပြီး အဲ့ကောင်မလေး ဖမ်းခံရချိန်က သူ့ဆီမှာ ဘာမှမတွေ့ဘူးလို့ သိရတယ်။ ရဲရဲ့ အမှုဖွင့်ရေးသားတဲ့ပေါ်မှုတည်ပြီး ဒီအမှုကို (၁)လကျော်အတွင်း အပြီးသတ် အမိန့်ချတာ။ တကယ်ဆို ထောင်ဒဏ်က တရားသူကြီးပါးစပ်မှာပဲ မူတည်တာပေါ့။ မူးယစ်အမှုတွေတောင် ငွေတောင်းကောင်းအောင် အချိန်ဆွဲထားတာတွေ လျှော့ပေါ့ပြီး အမိန့်ချတွေ လုပ်နေတာပဲ။ အခုလည်း အချိန်ဆွဲထားတဲ့ မူးယစ်အမှုတွေရှိသေးတယ်။  ပြောရရင်တော့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ဆိုင်တယ်။"ဟု တာချီလိတ်တရားရုံးမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

 

၂၀၂၂ခုနှစ် မေလ(၁၉)ရက်နေ့ ည(၉)နာရီဝန်းကျင်အချိန်က လူငယ်(၂)ဦးဖြစ်သည့် ကိုမင်းသူကျော်(ခ)SS နှင့် မအေးသန္တာသန့်(ခ)အိမ့်ချစ် တို့ကို အာဏာသိမ်းစစ်အုပ်စု၏ တပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးရာ  မင်းသူကျော်(ခ)SS သည် ဦးခေါင်းကျည်မှန် ဒဏ်ရာ နှင့် ပေါင်အရင်း(ဆီးခုံ)တို့တွင် ကျည်မှန်ဒဏ်ရာများရရှိသွားပြီးနောက် ၎င်းတို့ (၂)ဦး ဖမ်းဆီးခံရခြင်း ဖြစ်သည်။

အဆိုပါနေ့က (၂)ဦး ဖမ်းမိခြင်းဖြစ်သော်လည်း မင်းသူကျော်(ခ)SS သည် သေနတ်မှန်ဒဏ်ရာများကြောင့် ဆေးကုသမှုခံယူရင်း စစ်ဆေးခံရပြီးနောက် လက်ရှိတွင် ကျိုင်းတုံသို့ပို့ဆောင်ထားသည်ဟု သိရပြီး ယနေ့ ဇူလိုင်လ(၁၁)ရက်နေ့အချိန်အထိ ၎င်းကို အမိန့်ချခြင်း မရှိသေးဟု သတင်းရင်းမြစ်များထံက သိရသည်။