တာချီလိတ်မြို့တွင် မြန်မာမှတ်ပုံတင် ကိုင်ဆောင်ထားသည့် တရုတ်နိုင်ငံသား တစ်ဦးကို ဖမ်းမိ

တာချီလိတ်မြို့တွင် မြန်မာမှတ်ပုံတင် ကိုင်ဆောင်ထားသည့် တရုတ်နိုင်ငံသား တစ်ဦးကို ဖမ်းမိ

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် တရုတ်နိုင်ငံသားတစ်ဦး  မြန်မာနိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ထားကြောင်း စစ်ဆေးတွေ့ရှိရ၍ ဖမ်းဆီး အမှုဖွင့်ထားကြောင်း သိရသည်။

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)ရှိ နေအိမ်အခန်းငှား၌ မြန်မာမှတ်ပုံတင်ကိုင်ဆောင်ထားသည့် တရုတ်နိုင်ငံသား Wang Xueyong အား ၂၀၂၃ခုနှစ် ဇူလိုင်လ(၂၇)ရက်နေ့တွင်  ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသားအား စစ်ဆေးမှုများအရ ဝိန်းကျောက်ရပ်ကွက် အာခါဈေးမီးပွိုင့်အနီးတွင် နေထိုင်သူ အမျိုးသမီးတစ်ဦး၏ အကူအညီဖြင့်  ထိုင်းဘတ်ငွေ(၅၀,၀၀၀)ကုန်ကျကာ မြန်မာမှတ်ပုံတင်ကို ရရှိကာ ကိုင်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား အနေဖြင့် ဘတ်ငွေ(၅၀,၀၀၀)အကုန်အကျခံကာ ကိုင်ဆောင်ထားသည့် မြန်မာမှတ်ပုံတင် အမှတ်မှာ ၁၃၇၅၀၂ ဖြစ်ရာ တကယ်တမ်းတွင် တာချီလိတ်မြို့နယ်လဝကရုံး၏ နောက်ဆုံး နံပတ်စဉ်မှာ  ၁၃၆၃၀၄ သာ ရှိသည်ဖြစ်၍ အမှတ်စဉ် ကွာဟနေခြင်းကြောင့် အဆိုပါ မှတ်ပုံတင်ကို လဝကရုံးက ထုတ်ပေးထားခြင်းမဟုတ်နိုင်ကြောင်း လဝက တာဝန်ရှိသူ တစ်ဦးက ငြင်းဆိုထားသည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သိရတာကတော့ တရုတ်နိုင်ငံသား ကိုင်ထားတဲ့ မှတ်ပုံတင်အမှတ်က လက်ရှိ မြို့နယ်ရုံးရဲ့ နိုင်(၄) အမြင့်ဆုံးနံပါတ် နဲ့ ကွာနေတယ်။ ဒါနဲ့ပတ်သက်ပြီး အဲ့တရုတ်နဲ့ မှတ်ပုံတင်လုပ်ပေးဖို့ ချိတ်ဆက်ပေးတယ်ဆိုတဲ့ အမျိုးသမီးတို့ကို စစ်ဆေးရင် အဖြေသိနိုင်မှာပါ။ လောလောဆယ် ဒီလောက်ပဲ သိရပါသေးတယ်"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့  ဇူလိုင်လ(၂၇)ရက်နေ့တွင် ပြောသည်။

လက်ရှိတွင် ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားအား ဟောင်လိတ်နယ်မြေရဲစခန်းတွင် ထားရှိပြီး ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး. (လက်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေဖြင့် အရေးယူနိုင်ရန် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် တရုတ်နိုင်ငံသားများ နှင့် ထိုင်းနိုင်ငံသား တော်တော်များများမှာ တာချီလိတ်တွင် နေထိုင်သည့် မြို့ခံ စီးပွားရေးလုပ်ငန်းရှင်များ၏ အကူအညီဖြင့်သော်လည်းကောင်း၊ ပွဲစားများကနေ တဆင့်သော်လည်းကောင်း မြန်မာမှတ်ပုံတင်များကို ငွေကြေးအမြောက်အများပေး၍ လုပ်ဆောင်ကာ နေထိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။