ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေး လွှတ်တော်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဥ် ပစ်ခတ်ခံရပြီး သေဆုံး

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေး လွှတ်တော်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဥ် ပစ်ခတ်ခံရပြီး သေဆုံး
ဇူလိုင် 8, 2022 | နိုင်ငံတကာသတင်း
By Mr John

 

ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ နာရာမြို့တွင် ယနေ့ ဇူလိုင်လ (၈) ရက်နေ့ မဲဆွယ်စည်းရုံးမှုအတွင်း ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေး သေနတ်ဖြင့်ပစ်ခတ်ခံရပြီးနောက် ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အသက် (၆၇) နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်းအဘေးမှာ မိန့်ခွန်းပြောနေစဥ် သေနတ်ဖြင့် နှစ်ကြိမ်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး လဲကျသွားခဲ့ရာ ဆေးရုံသို့ အရေးပေါ်အခြေအနေဖြင့် ပို့ဆောင်ခဲ့ရသည်။

၎င်းကို ပစ်ခတ်ခဲ့သူအား ဖမ်းဆီးရမိခဲ့ကြောင်း အာဏာပိုင်တွေက ပြောသည်။



တိုကျိုမြို့တော်ဝန်ဟောင်း Yoichi Masuzoe က Twitter တွင် ကနဦး ပြောကြားထားမှုအရ အဘေး၏ အခြေအနေမှာ အသက်ရှူရပ်ပြီး သွေးလည်ပတ်မှုမရှိသည့် အခြေအနေဖြစ်ကြောင်း သိရသည်။

ထိုအသုံးအနှုန်းမှာ ဂျပန်တွင် သေဆုံးမှုတစ်ခုကို တရားဝင် အတည်မပြုမီ သုံးနှုန်းလေ့ရှိသည်ဟု BBC သတင်းက ဆိုသည်။

မီးသတ်နှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာနက ဝန်ကြီးချုပ်ဟောင်းအဘေး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ၎င်း၏လည်ပင်းအောက်ဘက် ခန္ဓာကိုယ်ညာဘက်ပိုင်းတွင် ကျည်ဆန်ထိမှန်ဒဏ်ရာရခဲ့ကြောင်း အတည်ပြုထားသည်။



အဘေး၏ရင်ဘတ် ဘယ်ဘက်အောက်တွင်လည်း သွေးထွက်နေကြောင်းလည်း အဆိုပါဌာနက ပြောသည်။

အဘေးမှာ သေနတ်ကျည် နှစ်ချက်ထိမှန်ခဲ့သည် သို့မဟုတ် လည်ပင်းအောက်ဘက်ကို ထိမှန်ခဲ့သည့်ကျည်ဆန်က ခန္ဓာကိုယ်တွင်း အခြားနေရာသို့ ဖောက်ဝင်သွားခဲ့သည်ကို အတိအကျ မသိရသေးဟု ဆိုသည်။

"ဝန်ကြီးချုပ်ဟောင်းအဘေးက ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲလောက်က နာရာမြို့မှာ ပစ်ခတ်ခံခဲ့ရတာပါ။ ပစ်ခတ်သူလို့ ယုံကြည်ရတဲ့ အမျိုးသားတစ်ယောက်ကို ဖမ်းမိခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်းအဘေးရဲ့ လက်ရှိအခြေအနေကို မသိနိုင်သေးပါဘူး" ဟု ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး Hirokazu Matsuno က ကနဦးတွင် သတင်းထောက်များကို ပြောခဲ့သည်။



အဘေး၏ ညီဖြစ်သူ Nobuo Kishi က တိုကျိုမြို့တွင် သတင်းထောက်များကို အစောပိုင်း ပြောကြားမှုအရ ဝန်ကြီးချုပ်ဟောင်းကို လက်ရှိတွင် သွေးသွင်းပေးနေပြီး ၎င်း၏အသက်ကိုကယ်ရန် ကြိုးပမ်းနေကြောင်း သိရသည်။ ဂျပန်အစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးဖြစ်သူ Nobuo Kishi က ပစ်ခတ်ရသည့်အကြောင်းရင်းမှာ မည့်သည့်ကိစ္စဖြစ်စေ တိုက်ခိုက်မှုမှာ ခွင့်မလွှတ်နိုင်သောလုပ်ရပ်ဟု ပြောဆိုခဲ့သည်။



ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေသည့် ဗီဒီယို၌ လမ်းမအလယ်နေရာတွင် အဘေး၏ပတ်လည်တွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို တွေ့ရသည်။ ဝန်ကြီးချုပ်ဟောင်းအဘေးက နာရာမြို့တွင် အထက်လွှတ်တော်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု မိန့်ခွန်းပြောနေစဥ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး မျက်မြင်တစ်ဦး၏ အဆိုအရ အမျိုးသားတစ်ဦးက သေနတ်အကြီးတစ်လက်ဖြင့် အနောက်ဘက်မှ ပစ်ခတ်လိုက်သည်ဟု သိရသည်။ ထိုသေနတ်မှာ လက်လုပ်သေနတ်တစ်လက်ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။



ပစ်ခတ်ခံရမှုကြောင့် အဘေးမှာ ချက်ချင်း လဲကျသွားခဲ့ပြီး သွေးများထွက်နေခဲ့သည်ဟု ဆိုသည်။ လုံခြုံရေးအရာရှိတွေက ပစ်ခတ်ခဲ့သူကို ဖမ်းဆီးခဲ့ကြောင်းနှင့် ၎င်းက ထွက်ပြေးရန် မကြိုးစားခဲ့ကြောင်း မျက်မြင်တွေ့သူတွေက ပြောသည်။ ဂျပန်သတင်းဌာန NHK က ရဲတပ်ဖွဲ့သတင်းရင်းမြစ်များကို ကိုးကားဖော်ပြမှုအရ ဝန်ကြီးချုပ်ဟောင်းအဘေးမှာ ပစ်ခတ်ခံရပြီးနောက် ဆေးရုံသို့ပို့ဆောင်စဥ် သတိရှိနေပြီး တုံ့ပြန်မှုရှိနေသည်ဟု ဆိုသည်။



NHK တွင် ဖော်ပြမှုအရ အဘေးကို ပစ်ခတ်ခဲ့ကြောင်း သံသယရှိသူမှာ နာရာမြို့ခံ အသက် (၄၁) နှစ်အရွယ် Tetsuya Yamagami ဆိုသူဖြစ်ပြီး လက်လုပ်သေနတ်တစ်လက်ကို အသုံးပြုခဲ့ကြောင်း သိရသည်။

၎င်းက ဝန်ကြီးချုပ်ဟောင်းအဘေးကို မကျေနပ်နေသူဖြစ်ပြီး သတ်ချင်နေခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြောင်း Reuters တွင် ဖော်ပြသည်။

Tetsuya Yamagami က ဂျပန်ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့၏ တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည် ယုံကြည်ရကြောင်း ပြည်တွင်းမီဒီယာက ပြောသည်။



၂၀၀၆ ခုနှစ်တွင် ပထမဆုံးအကြိမ် ဝန်ကြီးချုပ်ဖြစ်ခဲ့သည့် အဘေးမှာ ဂျပန်နိုင်ငံ၏ သက်တမ်းအရှည်ကြာဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်သူလည်း ဖြစ်သည်။

အဘေးက ၂၀၀၆ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိနှင့် ၂၀၁၂ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ကြောင်း သိရသည်။ ထို့နောက် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ နုတ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။ အဘေးက ulcerative colitis အူလမ်းကြောင်းရောဂါ ခံစားနေရကြောင်း နောက်ပိုင်းတွင် ပြောခဲ့သည်။



Source: BBC, Reuters, CNN

Photo: Kyodo