အိန္ဒိယတွင် ရေ နှင့် လေ ညစ်ညမ်းမှုကြောင့် ၂၀၁၉ ခုနှစ်အတွင်း လူဦးရေ (၂.၃) သန်း အရွယ်မတိုင်မီ သေဆုံးခဲ့

အိန္ဒိယတွင် ရေ နှင့် လေ ညစ်ညမ်းမှုကြောင့် ၂၀၁၉ ခုနှစ်အတွင်း လူဦးရေ (၂.၃) သန်း အရွယ်မတိုင်မီ သေဆုံးခဲ့
By Mr John

 အိန္ဒိယနိုင်ငံတွင် ညစ်ညမ်းမှုကြောင့် ၂၀၁၉ ခုနှစ်အတွင်း အရွယ်မတိုင်မီ သေဆုံးမှု (၂.၃) သန်းကျော်ရှိခဲ့ကြောင်း Lancet ဆေးဘက်ဆိုင်ရာဂျာနယ်၏ လေ့လာမှုအသစ်အရ သိရှိရသည်။

ထိုသို့ သေဆုံးမှုများအနက် လေထုညစ်ညမ်းမှု တစ်ခုတည်းကြောင့် သေဆုံးမှုမှာ (၁.၆) သန်းနီးပါးဖြစ်ပြီး ရေညစ်ညမ်းမှုကြောင့် သေဆုံးမှု ၅၀၀,၀၀၀ ကျော်ရှိခဲ့သည်။

ညစ်ညမ်းမှုနှင့် ကျန်းမာရေးဆိုင်ရာ Lancet Commission က ပြုလုပ်ခဲ့သည့် ယခုနောက်ဆုံး လေ့လာမှုအရ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာတဝန်း သေဆုံးမှုခြောက်ခုနက် တစ်ခုမှာ ညစ်ညမ်းမှုကြောင့်ဖြစ်သည်ဟု ဆိုသည်။



အဆိုပါ လေ့လာမှုအရ လေထုညစ်ညမ်းမှုကြောင့် နှစ်စဥ် လူဦးရေ (၁) သန်းကျော် သေဆုံးနေသည့် အိန္ဒိယမှာ ညစ်ညမ်းမှု အဆိုးဆုံး သက်ရောက်ခံရသည့် နိုင်ငံများအနက် ပါဝင်နေဆဲဖြစ်သည်။

၂၀၁၅ ခုနှစ်က ခန့်မှန်းခဲ့သည့် ညစ်ညမ်းမှုကြောင့် အရွယ်မတိုင်မီ သေဆုံးမှုများနှင့် ပတ်သက်၍ အချက်အလက်အသစ်များ ပြင်ဆင်ခဲ့ရာတွင် ညစ်ညမ်းမှုကြောင့် ခန့်မှန်းခြေအားဖြင့် နှစ်စဥ် လူဦးရေ (၉) သန်း သေဆုံးနေဆဲဖြစ်သည်။



အိမ်ထောင်စုအလိုက် လေထုညစ်ညမ်းခြင်းနှင့် ရေညစ်ညမ်းခြင်းကဲ့သို့ အလွန်မင်းဆင်းရဲခြင်းနှင့် ဆက်စပ်သည့် ညစ်ညမ်းမှုပုံစံများကြောင့် သေဆုံးမှုများမှာ လျော့ကျသွားခဲ့သော်လည်း စက်မှုလုပ်ငန်းဆိုင်ရာညစ်ညမ်းမှု၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုနှင့် အဆိပ်သင့်ဓာတုပစ္စည်းညစ်ညမ်းမှုတို့ကြောင့် သေဆုံးမှုများ တိုးလာခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာတဝန်း သေဆုံးမှု (၆.၇) သန်းမှာ ပတ်ဝန်းကျင်နှင့် အိမ်ထောင်စုအလိုက် လေထုညစ်ညမ်းမှု နှစ်ခုလုံးကြောင့်ဖြစ်သည်။

ရေညစ်ညမ်းမှုကြောင့် သေဆုံးမှု (၁.၄) သန်းရှိခဲ့ပြီး ခဲသတ္တုအဆိပ်သင့်ညစ်ညမ်းမှုကြောင့် အရွယ်မတိုင်မီ သေဆုံးမှု ၉၀၀,၀၀၀ ရှိခဲ့သည်။



Lancet လေ့လာမှုအရ ညစ်ညမ်းမှုနှင့် ဆက်စပ်သည့် သေဆုံးမှုများ၏ (၉၀) ရာခိုင်နှုန်းကျော်မှာ ဝင်ငွေနိမ့်နှင့် ဝင်ငွေအလယ်အလတ် နိုင်ငံများတွင် ဖြစ်ပွားခဲ့ပြီး အိန္ဒိယတွင် (၂.၃၆) သန်းဖြင့် အများဆုံးဖြစ်ကာ တရုတ်က (၂.၁) သန်းဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ (၁၀) မြို့အနက် (၆) မြို့မှာ အိန္ဒိယတွင်ရှိကြောင်းလည်း လေထုအရည်အသွေးစောင့်ကြည့်အဖွဲ့ IQAir ၏ အချက်အလက်များက ဆိုသည်။



Source: BBC