အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်အုပ်စုက အမျိုးသမီးများကို တက္ကသိုလ်ပညာသင်ကြားခွင့် ရပ်ဆိုင်း

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်အုပ်စုက အမျိုးသမီးများကို တက္ကသိုလ်ပညာသင်ကြားခွင့် ရပ်ဆိုင်း
ဒီဇင်ဘာ 22, 2022 | နိုင်ငံတကာသတင်း
By Mr John

 

အာဖဂန်နစ္စတနိုင်ငံကို တစ်ကျော့ပြန် ထိန်းချုပ်ထားသည့် တာလီဘန်စစ်သွေးကြွအုပ်စုက အမျိုးသမီးများ အားလုံးအတွက် တက္ကသိုလ်ပညာရေးကို ရပ်ဆိုင်းထားလိုက်ကြောင်း သိရသည်။ 

ယခုလုပ်ရပ်မှာ တာလီဘန်တိုက အာဖဂန်အမျိုးသမီးများ၏ အခွင့်အရေးနှင့် လွတ်လပ်မှုများကို လူမဆန်စွာ နှိပ်ကွပ်နေမှုအတွင်း နောက်ဆုံး ခြေလှမ်းတစ်ရပ် ဖြစ်လာသည်။

တာလီဘန်အုပ်စု၏ အာဖဂန် အဆင့်မြင့်ပညာရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသားတစ်ဦးက အမျိုးသမီးများ တက္ကသိုလ်ပညာသင်ကြားခွင့် ရပ်ဆိုင်းထားကြောင်း CNN သတင်းဌာနကို ဒီဇင်ဘာလ (၂၀) ရက်တွင် အတည်ပြုခဲ့သည်။ 

ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်စာတစ်စောင်အရ ယခုဆုံးဖြတ်ချက်ကို အစိုးရအဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်းနှင့် ချက်ချင်း သက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အာဖဂန်တွင် ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် တာလီဘန်တို့၏ ထိန်းချုပ်မှုအောက်သို့ အာဖဂန် ရောက်ရှိသွားခဲ့ပြီးနောက် မိန်းကလေးများအတွက် စာသင်ကျောင်းများကို လနှင့်ချီကြာ ကာလရှည်ပိတ်ထားစေခဲ့သည်။ 

ထို့နောက် ယခုနှစ် မတ်လအတွင်း ကျောင်းများ ပြန်ဖွင့်ပြီးနောက် နာရီပိုင်းအကြာတွင် မိန်းကလေးများကို အလယ်တန်းကျောင်းများ ပြန်တက်ခွင့် ပိတ်ပင်ခဲ့ပြန်သည်။

တာလီဘန်တို့၏ ဆုံးဖြတ်ချက်မှာ အာဖဂန်နစ္စတန်တွင် အမျိုးသမီးနှင့် မိန်းကလေးများ ပညာသင်ကြားခွင့်ကို ချိုးဖောက်သည့် ရှက်စရာကောင်းသော ဆုံးဖြတ်ချက်ဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch (HRW) က ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ‌ဝေဖန်ခဲ့သည်။ 

"တာလီဘန်တွေက အာဖန်တွေ အထူးသဖြင့် အမျိုးသမီးတွေရဲ့ အခြေခံအခွင့်အရေးတွေကို နေ့တိုင်း ချိုးဖောက်နေတယ် လေးစားမှု မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်တာပဲ" ဟု HRW ထုတ်ပြန်ချက်တွင် ပြောထားသည်။

အာဖဂန်တွင် တာလီဘန်တို့ ပြန်လည်အုပ်ချုပ်လာခဲ့ပြီးနောက် လူ့အခွင့်အရေး အထူးသဖြင့် အမျိုးသမီးများ၏ အခွင့်အရေး များစွာ ဆုံးရှုံးမှုကြုံနေကြရသည်။ 

အာဖဂန်ကို ပြန်အုပ်ချုပ်နေသည့် တာလီဘန်စစ်သွေးကြွအုပ်စုတို့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကို ယခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံက လက်မခံရန် ဆုံးဖြတ်ခဲ့သည်။ 

တာလီဘန်အုပ်စုကဲ့သို့ပင် မြန်မာနိုင်ငံတွင် အာဏာသိမ်းထားသည့် စစ်အုပ်စု၏ သံအမတ်ကိုလည်း ကုလသမဂ္ဂက နိုင်ငံကိုယ်စားပြုခွင့် မပေးခဲ့ကြောင်း သိရသည်။

Source: CNN