ကရင်မလင်နန်းတော်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု နောက်ကွယ်တွင် အမေရိကန်ရှိနေကြောင်း ရုရှား စွပ်စွဲ

ကရင်မလင်နန်းတော်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု နောက်ကွယ်တွင် အမေရိကန်ရှိနေကြောင်း ရုရှား စွပ်စွဲ
By Mr John

 သမ္မတ ဗလာဒီမာပူတင်ကို သတ်ရန် ရည်ရွယ်သည့်အနေဖြင့် ကရင်မလင်နန်းတော်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု၏ နောက်ကွယ်တွင် အမေရိကန် ရှိနေခဲ့ကြောင်း ရုရှားက မေလ (၄) ရက်နေ့တွင် စွပ်စွဲ ပြောဆိုလိုက်သည်။

 ထိုတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ရုရှားတပ်ဖွဲ့များက ကိဗ်မြို့တော် အပါအဝင် ယူကရိန်းမြို့များကို တိုက်ခိုက်ရေး ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အမေရိကန် ညွှန်ကြားချက်အရ ယူကရိန်းက မေလ (၃) ရက် နံနက်အစောပိုင်းတွင် ကရင်မလင်နန်းတော်ကို ဒရုန်းဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပူတင်၏ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စ်ကော့ဗ်က သက်သေအထောက်အထား မပေးဘဲ ပြောကြားခဲ့သည်။

အမေရိကန် အိမ်ဖြူတော်၏ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် John Kirby ကမူ ပက်စ်ကော့ဗ်က လိမ်လည်နေခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံက ယူကရိန်းကို ၎င်း၏ နယ်စပ်ပြင်ပကို တိုက်ခိုက်ရန် အားမပေးခဲ့သလို ကူညီပေးခဲ့ခြင်း မရှိကြောင်း တုံ့ပြန်ခဲ့ပြီး ကရင်မလင်တွင် ဘာဖြစ်ခဲ့သည်ကို အတိအကျ မသိသေးကြောင်း ပြောခဲ့သည်။

ယူကရိန်းအစိုးရကလည်း ကရင်မလင်နန်းတော်ကို ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။ 

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရုရှားအနောက်ပိုင်းနှင့် ရုရှားထိန်းချုပ်ထားသည့် ခရိုင်မီးယားဒေတွင် ကုန်တင်ရထားများနှင့် လောင်စာဆီသိုလှောင်ရုံများ ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ကရင်မလင်နန်းတော် ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ 

ရထားနှင့် လောင်စာဆီ သိုလှောင်ရုံ ပေါက်ကွဲမှုများမှာ ယူကရိန်းလက်ချက်ဖြစ်ကြောင်း ရုရှားက စွပ်စွဲထားသည်။

ထိုအတောအတွင်း နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးကို လာရောက်ခဲ့သည့် ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက ပူတင်ကို စစ်ပွဲနှင့် ပတ်သက်၍ တရားစီရင်ရမည်ဖြစ်ပြီး ယူကရိန်းက ထိုရည်ရွယ်ချက်ဖြင့် ခုံရုံးအသစ်တစ်ခု ဖွဲ့စည်းတည်ထောင်ရန် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

 

Source: Reuters