ထိုင်းနိုင်ငံအတွင်း Covid-19 အတည်ပြုလူနာ ရာဂဏန်းနီးပါးဖြစ်နေသည့် ကရင်ရွာမှ လူနာများကို ထိုင်းစစ်တပ် ရဟတ်ယာဉ်ဖြင့် ဆေးရုံပို့မည်

Photo: National News Bureau of Thailand
Photo: National News Bureau of Thailand
ထိုင်းနိုင်ငံအတွင်း Covid-19 အတည်ပြုလူနာ ရာဂဏန်းနီးပါးဖြစ်နေသည့် ကရင်ရွာမှ လူနာများကို ထိုင်းစစ်တပ် ရဟတ်ယာဉ်ဖြင့် ဆေးရုံပို့မည်

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်း ဆေးကုသမှုလက်လှမ်းမမီသည့် အုန်းဖြန်ရှိ ကရင်ရွာတွင် COVID 19 ဖြစ်ပွားနေသူများကို ထိုင်းစစ်တပ်၏ ရဟတ်ယာဉ်ဖြင့် ဆေးရုံပို့ဆောင်ပေးရန် ပြင်ဆင်နေကြောင်း ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၄) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။



အဆိုပါကျေးရွာမှ အတည်ပြုလူနာများကို မယ့်ကျန်းဆေးရုံသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ထိုင်းတပ်မဟာ (၃) မှ ရဟတ်ယာဉ်ပျံသန်းရန် ရာသီဥတုအခြေအနေပေးသည်နှင့် ချက်ချင်းသွားရောက် ခေါ်ဆောင်မည်ဟု သိရသည်။



လက်ရှိရာသီဥတုအခြေအနေကြောင့် မြို့ပေါ်မှ အဆိုပါကျေးရွာသို့ ရောက်ရှိရန် ထိုင်းစစ်သားများသည် အချိန် (၈) နာရီဝန်းကျင်ကြာမြင့်ခဲ့ကြောင်း သိရသည်။



အဆိုပါကျေးရွာတွင် COVID 19 စစ်ဆေးပေးရန်အတွက် တပ်မဟာ (၄) မှအဖွဲ့ လည်း ရောက်ရှိနေကြောင်း သိရသည်။



အဆိုပါတပ်ဖွဲ့များက အုန်းဖြန်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအား ကူညီဆောင်ရွက်ပေးနေကြပြီး လက်ရှိအချိန်ထိ test kit ဖြင့် စစ်ဆေးရာတွင် အတည်ပြုလူနာ ရာဂဏန်းနီးပါးတွေ့ထားကာ အနီးဝန်းကျင် ကျေးရွာ (၄) ရွာ၌လည်း ကူးစက်မှုများရှိနေကြောင်း သိရသည်။