ထိုင်းဘက်အထိ တိုက်လေယာဥ် ကျူးကျော်မှုက ထိုင်းနှင့်မြန်မာ အာဏာပိုင်များ ပူးပေါင်းကြံစည်မှု ဟုဆို

တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက   စုံစမ်းစစ်ဆေးပေးရန် အချက်အလက်များ ပေးအပ်စဉ်  [ Photo: Parliament ]
တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက စုံစမ်းစစ်ဆေးပေးရန် အချက်အလက်များ ပေးအပ်စဉ် [ Photo: Parliament ]
ထိုင်းဘက်အထိ တိုက်လေယာဥ် ကျူးကျော်မှုက ထိုင်းနှင့်မြန်မာ အာဏာပိုင်များ ပူးပေါင်းကြံစည်မှု ဟုဆို
ဇူလိုင် 8, 2022 | နိုင်ငံတကာသတင်း
By Mr John

ပြီးခဲ့သည့် ဇွန်လ (၃၀) ရက်နေ့က မြန်မာအာဏာသိမ်း စစ်လေတပ်မှ တိုက်လေယာဥ်တစ်စီး ထိုင်းနိုင်ငံအတွင်း လေပိုင်နက်ကျူးကျော်ဝင်ရောက်ခဲ့မှုတွင် ထိုင်းအာဏာပိုင်များက မြန်မာစစ်တပ်နှင့် ပူးပေါင်းကြံစည်ခဲ့ခြင်းရှိ မရှိ စုံစမ်းစစ်ဆေးရန် တက်ကြွလှုပ်ရှားသူအဖွဲ့များက ထိုင်းလွှတ်တော်ကို ဇူလိုင်လ (၇) ရက်နေ့၌ တောင်းဆိုလိုက်သည်။ 

နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်ရှိ ကရင်လူမျိုးများကို ခြိမ်း‌ခြောက်ရန် ရည်ရွယ်ပြီး ထိုင်းနှင့်မြန်မာ အာဏာပိုင်များကြား ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းရှိ မရှိ သိရှိနိုင်ရန် လွှတ်တော်အမတ်များအနေဖြင့် ဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံမှ Democracy Group နှင့် Nonthaburi New Generation Network တို့က  တောင်းဆိုခဲ့ကြသည်။

မြန်မာစစ်တပ်၏ MiG-29 တိုက်လေယာဥ်တစ်စီးက ထိုင်းလေပိုင်နက်အတွင်း (၂) မိုင်ကျော်-(၃) မိုင်ခန့် ကျူးကျော်ဝင်ရောက်ခဲ့ပြီး Ban Wao Lay Tai နှင့် Ban Wao Lay Nua ကျေးရွာနှစ်ရွာကြား ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။ 

မြန်မာစစ်လေယာဥ်တစ်စီး ထိုင်းနိုင်ငံ၏ လေပိုင်နက်အတွင်း ဖြတ်ကျော်ဝင်ရောက်ခဲ့ရာ ထိုင်းလေတပ်က နယ်စပ်အနီးသို့ F-16 တိုက်လေယာဥ် (၂) စီး အရေးတကြီး စေလွှတ်ခဲ့ပြီး အာဏာသိမ်း မြန်မာစစ်အုပ်စုအား သတိပေးစာထုတ်ခဲ့သည်။

မြန်မာတိုက်လေယာဥ် လေပိုင်နက်ကျူးကျော်မှုမှာ ကရင်လူမျိုးများကို လူမျိုးစုသုတ်သင်ရေး ပူးပေါင်းကြံစည်မှုက အကြောင်းရင်းခံဖြစ်ခဲ့ကြောင်း ထိုင်းနိုင်ငံမှ တက်ကြွလှုပ်ရှားသူအဖွဲ့ (၂) ဖွဲ့က သံသယရှိနေကြခြင်း ဖြစ်သည်။ 

အကယ်၍ ထိုင်းနိုင်ငံက ပူးပေါင်းပါဝင်ခဲ့ပါက စစ်ရာဇဝတ်မှုဖြစ်နိုင်ကြောင်း ထိုအဖွဲ့ (၂) ဖွဲ့က ပြောသည်။

Democracy Group အဖွဲ့ဝင်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ Somyot Pruksakasemsuk ၏ အဆိုအရ ထိုင်းဘုရင့်တပ်မတော် အမှတ် (၃) တပ်မတော်နယ်မြေ၏ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး အပီချတ် ဆူဆတ်နှင့်အဖွဲ့က ဇွန်လ (၂၉) ရက်နေ့တွင် နေပြည်တော်၌ အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီး နယ်စပ်ရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ဒုတိယဗိုလ်ချုပ်ကြီး အပီချတ် ဆူဆတ်၏ မြန်မာခရီးစဥ်နှင့် တိုက်လေယာဥ် လေပိုင်နက်ကျူးကျော်မှုတို့ တိုက်ဆိုင်နေမှုမှာ သံသယဖြစ်စရာဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ Somyot Pruksakasemsuk က ထောက်ပြခဲ့သည်။

 "ဒီလုပ်ရပ်တွေက ထိုင်းနဲ့မြန်မာ အာဏာရှင်ဆန်တဲ့ နိုင်ငံတွေက အာဆီယံနဲ့ ကျန်လူသားမျိုးနွယ်အပေါ် ခြိမ်းခြောက်မှုဖြစ်လာနိုင်တာကို အထင်အရှား ပြနေတယ်" ဟု ၎င်းက ပြောသည်။

နယ်စပ်နှစ်ဘက်လုံးတွင် နေထိုင်ကြသည့် ပြည်သူများကြား နီးကပ်သည့် ဆက်ဆံရေးရှိကြရာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေမှုများက ထိုင်းနိုင်ငံအပေါ် ဆိုးကျိုးသက်ရောက်မှုရှိလိမ့်မည်ဟု Move Forward ပါတီ လွှတ်တော်အမတ် Rangsiman Rome က သုံးသပ်သည်။ 

တိုက်လေယာဥ်ဖြစ်ရပ်နောက်ပိုင်း ယခုအခါ အခြေအနေကို ထိန်းချုပ်ရန်ခက်လာကြောင်းလည်း Rangsiman က ဆိုသည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကမူ ထိုင်းနိုင်ငံ၏ လေပိုင်နက်အတွင်း ၎င်း၏စစ်လေယာဥ် ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက် မြန်မာစစ်တပ်က တောင်းပန်ခဲ့ကြောင်းနှင့် လေပိုင်နက်ကျူးကျော်မှုမှာ ကြီးကြီးမားမားကိစ္စ မဟုတ်ဟု ဇူလိုင်လ (၁) ရက်နေ့တွင် ပြောခဲ့သည်။ 

လေပိုင်နက်ကျူးကျော်မှုမှာ မရည်ရွယ်သည့် မတော်တဆဖြစ်ရပ်ဖြစ်ကြောင်း မြန်မာစစ်တပ်က ထိုင်းစစ်တပ်ကို အကြောင်းကြားခဲ့သည်ဟုလည်း ဆိုသည်။

Source: Bangkok Post