ကုလသမဂ္ဂက ရုရှားကို လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ဆိုင်းငံ့

 ကုလသမဂ္ဂက ရုရှားကို လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ဆိုင်းငံ့

 ဧပြီ (၇)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံက ရုရှားနိုင်ငံကို လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ အဖြစ်ကနေ ဆိုင်းငံ့လိုက်ကြောင်း သိရသည်။ 

ယူကရိန်းနိုင်ငံကို ကျူးကျော်ခဲ့သည့် ရုရှားတပ်ဖွဲ့တွေက ကြမ်းတမ်းပြီး စနစ်တကျ ချိုးဖောက်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှု သတင်းများကြောင့် ရုရှားကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့လိုက်ခြင်းလည်း ဖြစ်သည်။

ရုရှားကို လူ့အခွင့်အရေးကောင်စီကနေ ဆိုင်းငံ့ထားရန် အမေရိကန်က ဦးဆောင်အဆိုပြုခဲ့ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ အဖွဲ့ဝင်နိုင်ငံ (၉၃)နိုင်ငံက ထောက်ခံမဲပေးခဲ့ကြပြီး (၂၄)နိုင်ငံက ကန့်ကွက်မဲပေးခဲ့ကြသည်။ မဲမပေးသည့် ကြားနေနိုင်ငံ (၅၈)နိုင်ငံရှိခဲ့သည်။ အဖွဲ့ဝင်နိုင်ငံ (၄၇)နိုင်ငံပါဝင်သည့် လူ့အခွင့်အရေးကောင်စီကနေ ရုရှားကို ဆိုင်းငံ့ထားရန် မဲပေးသည့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ သုံးပုံနှစ်ပုံ၏ ထောက်ခံမဲ ရရှိရန်လိုအပ်ကြောင်း သိရသည်။ ထိုသို့ မဲခွဲဆုံးဖြတ်ရာတွင် မဲမပေးသည့် ကြားနေနိုင်ငံများကို ထည့်သွင်းတွက်ချက်ခြင်းမပြုဟု ဆိုသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအဖြစ်မှ ဆိုင်းငံ့ခြင်းမှာ ရှားပါးသည့် လုပ်ဆောင်မှုဟုဆိုသည်။

၂၀၁၁ ခုနှစ်အတွင်းက ကဒါဖီကို သစ္စာခံသည့် တပ်ဖွဲ့တွေက ဆန္ဒပြသူအပေါ် အကြမ်းဖက်မှုကြောင့် လစ်ဗျားနိုင်ငံကို လူ့အခွင့်အရေးကောင်စီကနေ ဆိုင်းငံ့ခဲ့ဖူးသည်။ ယူကရိန်းတွင် လက်ရှိဖြစ်ပွားနေသည့် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်မှု အကျပ်အတည်းကို အထူးစိုးရိမ်ပူပန်ကြောင်း အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံပါဝင်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်တွင် ဖော်ပြသည်။ အထူးသဖြင့် ရုရားက လူ့အခွင့်အရေးချိုးဖောက်မှု သတင်းများအပေါ် အထူးစိုးရိမ်ပူပန်ကြောင်း အထွေထွေညီလာခံ ဆုံးဖြတ်ချက်တွင် ပြောထားသည်။

ထောက်ခံမဲပေးသည့်နိုင်ငံ သို့မဟုတ် မဲမပေးဘဲ ကြားနေသည့်နိုင်ငံများကို နှစ်နိုင်ငံဆက်ဆံရေးအတွက် မိတ်ဆွေသဘောမဆန်သည့် အပြုအမူအဖြစ် မှတ်ယူသွားမည်ဟု ရုရှားက ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မဲခွဲခြင်းမပြုမီ သတိပေးခဲ့ကြောင်းလည်း သိရသည်။ ဖေဖေါ်ဝါရီ ၂၄ ရက်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် အထွေထွေညီလာခံက ရုရှားကို ရှုတ်ချကြောင်း ဆုံးဖြတ်ချက်နှစ်ခုကို ထောက်ခံမဲ ၁၄၁ မဲနှင့် ၁၄၀ မဲစီဖြင့် ချမှတ်ခဲ့ပြီးဖြစ်သည်။



Source: Reuters

 

 

ဆက်စပ်သတင်း