နယူးရီးယား အတွက် ငွေလို၍ ရွှေဆွဲကြိုး အလစ်သုတ်သည့် ထိုင်းအမျိုးသား ဆိုင်အတွင်းပိတ်မိပြီး အဖမ်းခံလိုက်ရ

နယူးရီးယား အတွက် ငွေလို၍ ရွှေဆွဲကြိုး အလစ်သုတ်သည့် ထိုင်းအမျိုးသား ဆိုင်အတွင်းပိတ်မိပြီး အဖမ်းခံလိုက်ရ
ဒီဇင်ဘာ 28, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံတွင် နယူးရီးယားအတွက် ငွေလို၍ ရွှေဆိုင်တစ်ဆိုင်ကိုဝင်ပြီး ရွှေဆွဲကြိုးအလစ်သုတ်ရန် ကြိုးပမ်းခဲ့သော လတ်တလော ထောင်မှလွတ်လာသူ အလစ်သုတ်သမားတစ်ဦးမှာ လုံခြုံရေးတံခါးပိတ်လိုက်ရာ ဆိုင်အတွင်း ပိတ်မိပြီး အဖမ်းခံလိုက်ရသည်။ 

ထိုင်း - မလေးရှားနယ်စပ် ဆုန်ခလာပြည်နယ်အတွင်း ဟတ်ယိုင်မြို့တွင်း ရွတ်အူထစ် လမ်းပေါ်ရှိ စုဝဏ္ဏဟတ်ယိုင် အမည်ရှိ ရွှေဆိုင်တွင် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်နေ့၏ မွန်းလွဲ (၁) နာရီခွဲမိနစ်ဝန်းကျင်က ထိုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

အလစ်သုတ်မှုဖြစ်ပွားစဥ် ရွှေဆိုင်တွင် ဆိုင်ပိုင်ရှင် Piwaporn Pimolwong နှင့်အတူ အမျိုးသမီးဝန်ထမ်း (၂) ဦးရှိနေခဲ့ကြောင်း သိရသည်။ 

အမျိုးသားတစ်ဦး ရွှေဆိုင်ရှေ့ကို ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီးနောက် ဆိုင်ကယ်ကို စက်မသတ်ဘဲ ရပ်ထားကာ ဆိုင်အတွင်း ဝင်လာခဲ့သည်ဟု ဆိုသည်။ 

ထိုအမျိုးသားက ဆိုင်ကယ်ကို စက်မသတ်ဘဲ ရပ်ထားခဲ့သည်ကို သတိပြုမိပြီး မသင်္ကာဖြစ်ခဲ့သည်ဟု ရွှေဆိုင်ပိုင်ရှင် Piwaporn က ပြောသည်။

ဆိုင်ထဲတွင် ထိုအမျိုးသားက ရွှေဆွဲကြိုးဝယ်မည်ဖြစ်ကြောင်းနှင့် ကြည့်ရှုလိုကြောင်း ပြောခဲ့သည်။ 

ပထမ ဆွဲကြိုးတစ်ကုံးမှာ ၎င်းအတွက် တိုနေသောကြောင့် နောက်ဆွဲကြိုးတစ်ကုံံးကို ပြခိုင်းသည်ဟု ဆိုသည်။ 

 

ထို့နောက် ဒုတိယဆွဲကြိုးကို ယူမည်ဟု ၎င်းကပြောကာ မိုဘိုင်းဖုန်းတစ်လုံးဖြင့် ငွေလွှဲဟန်ဆောင်ပြီးနောက် ရုတ်တရက် နောက်လှည့်ထွက်ပြေးခဲ့သည်။ 

သို့သော် ရွှေဆိုင်၏ အီလက်ထရောနစ် လုံခြုံရေးတံခါးကို သော့ခတ်ပိတ်ပြီးသားဖြစ်နေရာ အလစ်သုတ်သူမှာ ဆိုင်အတွင်း ပိတ်မိနေခဲ့သည်။

ထို့နောက် ရွှေဆိုင်ပိုင်ရှင် Piwaporn က ဟတ်ယိုင်ရဲတပ်ဖွဲ့ထံ အကြောင်းကြားသည့် အချက်ပေး ခလုတ်နှိပ်လိုက်ကြောင်း သိရသည်။ 

ရွှေဆိုင်အတွင်း ပိတ်မိနေခဲ့သည့် ထိုအမျိုးသားက ရွှေဆွဲကြိုးကို ပြန်ပေးပြီး ဆိုင်ရှင်ကို လက်အုပ်ချီတောင်းပန်ခဲ့သည်ဟု ဆိုသည်။ 

မကြာမီတွင် ရဲတပ်ဖွဲ့က ရွှေဆိုင်သို့ရောက်ရှိလာပြီး ၎င်းကို ဖမ်းဆီးသွားခဲ့သည်။

ထိုအလစ်သုတ်သူ အမျိုးသားမှာ အသက် (၂၇) နှစ်အရွယ် Nathanon Khwanthong ဆိုသူဖြစ်ပြီး ဆုန်ခလာပြည်နယ် ဆဒိုမြို့ကဖြစ်ပြီး ၎င်းသည် လုယက်မှုဖြင့် ထောင်ဒဏ်ကျခံရပြီးနောက် မကြာသေးမီက ပြန်လွတ်လာသူဟု ဟတ်ယိုင်ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။ 

ယခုလို လုပ်ဆောင်ရခြင်းသည်  နှစ်သစ်ကူးကာလ နယူးရီးယား (New Year) အတွက် ငွေလို၍ ရွှေဆွဲကြိုးတစ်ကုံးကို အလစ်သုတ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့သည်။

Source: Bangkok Post