COVID-19 ကာကွယ်ဆေးများကို အသက်အငယ်ဆုံး (၆) လအရွယ် ကလေးများ ထိုးနိုင်တော့မည်

COVID-19 ကာကွယ်ဆေးများကို အသက်အငယ်ဆုံး (၆) လအရွယ် ကလေးများ ထိုးနိုင်တော့မည်
By Mr John

အမေရိကန်နိုင်ငံ၏ အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဌာန(FDA) အကြံပေးပုဂ္ဂိုလ်များက Moderna Inc. နှင့် Pfizer-BioNTech တို့က ထုတ်လုပ်ထားသည့် COVID-19 ကာကွယ်ဆေးများကို သန်းနှင့်ချီသည့် အသက်အငယ်ဆုံး အမေရိကန်ကလေးငယ်များအတွက် အသုံးပြုရန် တညီတညွတ်တည်း ထောက်ခံလိုက်ကြောင်း သိရသည်။ 

အကြံပေးကော်မတီ၏ ထောက်ခံမှုက ကာကွယ်ဆေးထိုးရန် သင့်လျော်သည့် အသက်အရွယ်အုပ်စုအဖြစ် မသတ်မှတ်ရသေးသော အသက် (၅) နှစ်အောက်နှင့် အသက်အငယ်ဆုံး (၆) လအရွယ် ကလေးငယ်များကို ကာကွယ်ဆေးထိုးရန် အရေးပါသည့် ခြေလှမ်းတစ်ရပ်လည်း ဖြစ်သည်။

အကြံပေးကော်မတီက ထောက်ခံလိုက်ပြီဖြစ်ရာ အမေရိကန် FDA က မကြာမီ ထိုအသက်အရွယ်အုပ်စုအတွင်းရှိ ကလေးငယ်များကို Moderna Inc. နှင့် Pfizer-BioNTech တို့၏ COVID-19 ကာကွယ်ဆေးများထိုးပေးရန် တရားဝင်ခွင့်ပြုချက်ပေးနိုင်ကြောင်း သိရသည်။ 

အမေရိကန်အစိုးရက ဇွန်လ (၂၁) ရက်နေ့မှစပြီး အသက် (၅) နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေးထိုးပေးရန် စီစဥ်ထားရာ ထိုရက်မတိုင်မီ FDA ခွင့်ပြုချက်ရသင့်ကြောင်း အိမ်ဖြူတော် COVID-19 ဆိုင်ရာ တုံ့ပြန်ညှိနှိုင်းရေးမှူး Ashish Jha က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြောခဲ့သည်။

FDA က တရားဝင်ခွင့်ပြုချက်ပေးချိန်တွင် အသက် (၆) လမှ (၄) နှစ်အထိ ကလေးငယ်များကို Pfizer-BioNTech ကာကွယ်ဆေးနှင့် အသက် (၆) လမှ (၅) နှစ်အထိ ကလေးငယ်များကို Moderna ကာကွယ်ဆေး ထိုးပေးနိုင်မည်ဟု ဆိုသည်။ 

FDA က တရားခွင့်ပြုပြီးသည်နှင့် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးဌာန Centers for Disease Control and Prevention (CDC) က ကလေးငယ်များတွင် ထိုကာကွယ်ဆေးများကို ထိုးပေးနိုင်ကြောင်း ထောက်ခံအကြံပြုချက် ထုတ်ပြန်သွားမည် ဖြစ်သည်။ 

CDC ၏ ပြင်ပ အကြံပေးပုဂ္ဂိုလ်များကော်မတီက ဇွန်လ (၁၇) ရက်နှင့် (၁၈) ရက်တို့တွင် အစည်းအဝေးပြုလုပ်သွားမည်ဟု သိရသည်။

အမေရိကန်တွင် မိဘအများအပြားက ၎င်းတို့၏ ကလေးငယ်များကို COVID-19 ကာကွယ်ဆေးထိုးပေးလိုကြသော်လည်း ကာကွယ်ဆေးဝယ်လိုအား မည်မျှကောင်းလာမည်ကို အတိအကျ မသိနိုင်ဟု ဆိုသည်။ 

အမေရိကန်တွင် Pfizer-BioNTech ကာကွယ်ဆေးကို အသက် (၅) နှစ်မှ (၁၁) နှစ်အထိ ကလေးများအတွက် အသုံးပြုရန် ယမန်နှစ် အောက်တိုဘာလအတွင်း တရားဝင်ခွင့်ပြုချက်ပေးခဲ့သော်လည်း ထိုအသက်အရွယ်အုပ်စု၏ (၂၉) ရာခိုင်နှုန်းခန့်ကသာ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီးဖြစ်ကြောင်း သိရသည်။

Source: Reuters