ဂရိတွင် ကုန်ဈေးနှုန်းကြီးမြှင့်လာမှုများနှင့် လစာနည်းမှုကြောင့် လူထောင်နဲ့ချီ ဆန္ဒပြ

ဂရိတွင် ကုန်ဈေးနှုန်းကြီးမြှင့်လာမှုများနှင့် လစာနည်းမှုကြောင့် လူထောင်နဲ့ချီ ဆန္ဒပြ
By Mr John

ဂရိနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာ သပိတ်မှောက် ဆန္ဒပြမှုတွေကို ဧပြီ (၆) ရက်နေ့က ပြုလုပ်ခဲ့ရာ အေသင်မြို့တော်တွင်လည်း လူထောင်ပေါင်းများစွာ စုရုံးဆန္ဒပြခဲ့ကြသည်။ ပိုဆိုးလာသော အကျပ်အတည်းဟု အလုပ်သမားများက ပြောဆိုကြသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ဝင်ငွေအခက်အခဲဖြစ်မှုတို့အပေါ် ဆန္ဒပြကြခြင်းဖြစ်သည်။

အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ အလုပ်သမား ၂.၅ သန်းခန့်ကို ကိုယ်စားပြုသည့် ဂရိနိုင်ငံ၏ အကြီးဆုံး အလုပ်သမားသမဂ္ဂနှစ်ခုက တစ်နိုင်ငံလုံး အထွေထွေသပိတ်မှောက်ရန် တိုက်တွန်းခဲ့ကြခြင်း ဖြစ်သည်။ အေသင်မြို့တွင် လွှတ်တော်အဆောက်အအုံ အပြင်ဘက်သို့ စုရုံးချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ ဂရိတွင် လူအများအပြား၏ နေ့စဥ်ဘဝက မလောက်မငှ အခြေအနေဖြစ်လာသည်ဟု ဆိုသည်။

"ကျွန်တော်တို့ရဲ့ ဘဝက အခုဆို အကြွေးတင်နေပြီဗျ။ လျှပ်စစ်ကုမ္ပဏီနဲ့ အိမ်ရှင်ကို အကြွေးတွေပေးရမယ်။ အိမ်ငှားခ နှစ်လစာနဲ့ လျှပ်စစ်ဓာတ်အားခ နှစ်လစာ အကြွေးပေးရမယ်။ မကြာခင် ကျွန်တော်တို့ လူတိုင်းကို အကြွေးဆပ်နေရတော့မယ်ဗျ။ ဒီလိုကြီးတော့ ဆက်သွားလို့တော့ မရဘူး"ဟု အသက် (၆၀) နှစ်အရွယ် ပါဆယ်ပို့ဆောင်ရေး အလုပ်သမား Georgios Alexandropoulos က ပြောသည်။

ရဲတပ်ဖွဲ့၏ ခန့်မှန်းမှုအရ အေသင်မြို့ ဆန္ဒပြပွဲတွင် အနည်းဆုံး လူ ၁၀,၀၀၀ ပါဝင်ခဲ့ကြောင်း သိရသည်။ ဂရိနိုင်ငံက (၁၀) စုနှစ် တစ်ခုအကြာ ငွေကြေးအကျပ်အတည်းကနေ ၂၀၁၈ ခုနှစ်အတွင်း လွတ်မြောက်ခဲ့ခြင်းလည်း ဖြစ်သည်။ သို့သော် နောက် (၂) နှစ်အကြာတွင် COVID-19 ဂယက်ကြောင့် ကမ္ဘာတဝန်း ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ရာ ဂရိနိုင်ငံ၏ အရေးပါသည့် ခရီးသွားလုပ်ငန်းကို ထိခိုက်ခဲ့သည်။

ယခုအခါ ယူကရိန်းကို ကျူးကျော်မှုကြောင့် ရုရှားကို အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့ရာ ဂရိနိုင်ငံတွင်လည်း စွမ်းအင်ဈေးနှုန်းများ မြင့်တက်မှုဖြစ်ပေါ်လာခဲ့ပြီး အလုပ်သမားများအတွက် အသုံးစရိတ် ပိုများလာခဲ့သည်။ ဂရိနိုင်ငံ၏ နှစ်စဥ် စားသုံးသူ ငွေကြေးဖောင်းပွမှုကလည်း (၂၅) နှစ်အတွင်း အမြင့်ဆုံးအဖြစ် ဖေဖေါ်ဝါရီလတွင် ၇.၂ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ကြောင်း သိရသည်။

စွမ်းအင်၊ နေအိမ်နှင့် သယ်ယူပို့ဆောင်ရေး ဈေးနှုန်းများ မြင့်တက်နေခဲ့သည်။ ငွေကြေးဖောင်းပွမှုကြောင့် အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာကို (၁၃) ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး (၇၅၁) ယူရိုငွေအဖြစ် သတ်မှတ်ရန် အဆိုပြုခဲ့ကြောင်း ပုဂ္ဂလိကကဏ္ဍ အလုပ်သမားသမဂ္ဂ GSEE က မတ်လအတွင်း ပြောခဲ့သည်။

ဂရိအစိုးရက ဇန်နဝါရီလအတွင်း အနိမ့်ဆုံး လုပ်ခလစာကို (၂) ရာခိုင်နှုန်း တိုးမြှင့်ကာ (၆၆၃) ယူရိုငွေအဖြစ် သတ်မှတ်ခဲ့ပြီး ဝန်ကြီးချုပ် Kyriakos Mitsotakis က လာမည့် မေလ (၁) ရက်မှစပြီး ဒုတိယအကြိမ်အဖြစ် ပိုမိုများပြားသည့် လုပ်ခလစာ တိုးမြှင့်ပေးမည်ဟု ကတိပြုထားခဲ့သည်။ သို့သော် ဆန္ဒပြ အလုပ်သမားများအတွက် ထိုအတိုင်းအတာက လုံလောက်ခြင်းမရှိဟု ဆိုကြသည်။ 

"လက်ရှိမှာ ကျွန်တော်တို့ရဲ့ လစာက လဝက်စာ ကုန်ကျစရိတ်အတွက်ပဲ ဖြစ်နေတယ်"ဟု အသက် (၆၀) နှစ်အရွယ် ကျောင်းဆရာတစ်ဦးဖြစ်သူ Christos Katsikas ပြောသည်။

Source: Reuters