သက်တော်စောင့် ရဲအရာရှိကို ကြိုတင်ကြံစည် သတ်ဖြတ်မှုအတွက် အင်ဒိုနီးရှား ရဲဗိုလ်ချုပ်ကြီးတစ်ဦး သေဒဏ်ချမှတ်ခံရ

ရဲဗိုလ်ချုပ်ကြီးဖရက်ဒီဆမ်ဘို နှင့် သတ်ခံရသူ သက်တော်စောင့် ရဲအရာရှိတို့၏ ပုံ
ရဲဗိုလ်ချုပ်ကြီးဖရက်ဒီဆမ်ဘို နှင့် သတ်ခံရသူ သက်တော်စောင့် ရဲအရာရှိတို့၏ ပုံ
သက်တော်စောင့် ရဲအရာရှိကို ကြိုတင်ကြံစည် သတ်ဖြတ်မှုအတွက် အင်ဒိုနီးရှား ရဲဗိုလ်ချုပ်ကြီးတစ်ဦး သေဒဏ်ချမှတ်ခံရ
ဖေဖော်ဝါရီ 14, 2023 | နိုင်ငံတကာသတင်း
By Mr John

အင်ဒိုနီးရှားနိုင်ငံတွင် ၎င်း၏ သက်တော်စောင့် ရဲအရာရှိအား သတ်ဖြတ်ရန် ကြိုးကိုင် စီစဥ်မှုအတွက် ရဲဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးကို ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့က  တရားရုံးမှ သေဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ 

ထိုအမှုမှာ အင်ဒိုနီးရှားတွင် လနှင့်ချီကြာ လူထုအကြား စိတ်ဝင်စားနေခဲ့ကြသည့် အမှုလည်းဖြစ်သည်။ 

အင်ဒိုနီးရှားရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်နှင့် ပြည်တွင်းရေးရာ အကြီးအကဲဟောင်း ဖရက်ဒီဆမ်ဘို၏ အမှုကို ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် စတင်ကြားနာစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ဂျကာတာမြို့ရှိ တရားရုံးတစ်ရုံးတွင် တရားသူကြီး (၃) ဦးပါ တရားသူကြီးအဖွဲ့က ထိုအမှုကို ကြားနာစစ်ဆေးခဲ့ပြီးနောက် သေဒဏ်ချမှတ်လိုက်သည်။ 

 Baitur Rohman/Kompas.tv

ရဲဗိုလ်ချုပ်ကြီးဟောင်း ဆမ်ဘိုက ကြိုတင်ကြံစည် လူသတ်မှုတွင်  ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားခဲ့သည်ဟု စီရင်ချက်ကို ဖတ်ကြားစဥ်အတွင်း တရားသူကြီး Wahyu Iman Santoso က ပြောကြားသည်။

ရှေ့နေများက ဆမ်ဘိုကို သေဒဏ်အစား ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ရန် လျှောက်လှဲခဲ့ကြသည်ဟု ဆိုသည်။ 

ဆမ်ဘိုကို သေဒဏ်ချမှတ်ကြောင်း တရားသူကြီးက စီရင်ချက်ကို ဖတ်ကြားခဲ့စဥ် တရားခွင်တွင်ရှိနေသူများက ဩဘာပေးခဲ့ကြသည်။

ယခုအမှုကို ကြားနာစစ်ဆေးရာတွင် အင်ဒိုနီးရှားရဲတပ်ဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင် ဖြစ်နေခြင်းကြောင့် ပြစ်ဒဏ်မခံရဘဲ လွတ်မြောက်မည်ကို 

စိုးရိမ်မှုများလည်း ရှိနေခဲ့သည်။ 

၂၀၂၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် ထိုအမှုတွင် သက်တော်စောင့်ဖြစ်သူ အသက် (၂၇) နှစ်အရွယ် ဗိုလ်မှူးချုပ် Nopryansyah Yosua Huatabarat မှာ ရဲဗိုလ်ချုပ်ကြီး ဆမ်ဘို၏ နေအိမ်၌ အခြား အရာရှိတစ်ဦးနှင့် အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း  ရဲတပ်ဖွဲ့က ကနဦး ပြောခဲ့သည်။

ယခု လူသတ်မှုမှာ ကြိုတင်စီစဥ်ထားခြင်း မဟုတ်ကြောင်းနှင့် သက်တော်စောင့် Hutabarat က ၎င်း၏ဇနီးကို မုဒိမ်းကျင့်ခဲ့သည်ဟု ယူဆခဲ့မှုကြောင့် ဒေါသ အလျောက် ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ရဲဗိုလ်ချုပ်ကြီးဟောင်း ဆမ်ဘိုက တရားရုံး ကြားနာစစ်ဆေးမှုအတွင်း ထွက်ဆိုခဲ့သည်။ 

သို့သော် ၎င်း၏ လျှောက်လှဲမှုကို သက်သေအထောက်အထားမရှိမှုကြောင့် တရားသူကြီးများက ပယ်ချခဲ့ကြကြောင်း သိရသည်။

ဆမ်ဘိုမှာ သေဒဏ်နှင့်ထိုက်တန်ကြောင်း အသတ်ခံခဲ့ရသည့် သက်တော်စောင့် Hutabarat ၏ မိသားစုအတွက် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးသူ Kamaruddin Simanjuntak က ပြောသည်။ 

Source: Reuters