ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တွင် ငလျင်လှုပ်မှုကြောင့် အနည်းဆုံး လူ (၁၃) ဦး သေဆုံးပြီး (၉၀)ကျော် ဒဏ်ရာရ

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တွင် ငလျင်လှုပ်မှုကြောင့် အနည်းဆုံး လူ (၁၃) ဦး သေဆုံးပြီး (၉၀)ကျော် ဒဏ်ရာရ
By Mr John

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နိုင်ငံတို့တွင် ၂၀၂၃ခုနှစ် မတ်လ (၂၁) ရက်နေ့၏  ညဥ့်နက်ပိုင်းက ရစ်ချ်တာစကေး (၆.၅) အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် အနည်းဆုံး လူ (၁၃) ဦး သေဆုံးပြီး (၉၀) ကျော် ဒဏ်ရာရခဲ့ကြောင်း မတ်လ (၂၂) ရက် ညပိုင်းအထိ သတင်းများအရ သိရှိရသည်။ 

ငလျင်ကြောင့် ပါကစ္စတန်အနောက်မြောက်ပိုင်းတွင် အနည်းဆုံး လူ (၉) ဦး သေဆုံးပြီး (၄၄) ဦး ဒဏ်ရာရခဲ့ကြောင်း ပါကစ္စတန်အစိုးရအရာရှိတစ်ဦးက ဆိုသည်။

ထို့အတူ အာဖဂန်နစ္စတန်တွင်လည်း ငလျင်ကြောင့် အနည်းဆုံး လူ (၄) ဦး သေဆုံးပြီး (၅၀) ဦး ဒဏ်ရာရခဲ့ကြောင်း အာဖဂန်ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။ 

ငလျင်လှုပ်မှုအတွင်း နှစ်နိုင်ငံလုံးတွင် နေအိမ်နှင့် အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန်သည်။ 

ငလျင်လှုပ်မှုကို (၆၂၁) မိုင် ကျယ်ဝန်းသည့် ဧရိယာအတွင်း ပါကစ္စတန်၊ အိန္ဒိယ၊ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ အာဖဂန်နစ္စတန်နှင့် တာ့ခ်မင်နစ္စတန်ရှိ လူဦးရေ (၂၈၅) သန်းခန့် ခံစားသိရှိခဲ့ရကြောင်း European-Mediterranean Seismological Centre (EMSC) က ပြောသည်။

ငလျင်ဗဟိုချက်မှာ လူနေကျဲပါးသော အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်း Badakhshan ပြည်နယ်ရှိ Hindu Kush တောင်တန်းများတွင်ဖြစ်ပြီး မြေအောက်အနက် (၁၈၇) ကီလိုမီတာ၌ လှုပ်ခတ်ခဲ့ကြောင်း U.S. Geological Survey (USGS) က ဖော်ပြသည်။ 

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် ၂၀၂၂ ခုနှစ်အတွင်း ရစ်ချ်တာစကေး (၆.၁) အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် လူ (၁,၀၀၀) ကျော် သေဆုံးခဲ့ဖူးသည်။ 

ထို့အတူ ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းတွင်လည်း ၂၀၀၅ ခုနှစ်အတွင်း ရစ်ချ်တာစကေး (၇.၆) ရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ (၇၃,၀၀၀) သေဆုံးခဲ့ဖူးကြောင်း သိရသည်။

Source: Reuters

Photo: Shafiullah KAKAR / AFP,