TikTok တွင် "Sleepy Chicken"  Challenge ပျံ့နှံ့လာပြီးနောက် အမေရိကန် FDA က ကြက်သားကို ချောင်းဆိုးပျောက်ဆေး  ထည့်မချက်ရန် သတိပေး

TikTok တွင် "Sleepy Chicken"  Challenge ပျံ့နှံ့လာပြီးနောက် အမေရိကန် FDA က ကြက်သားကို ချောင်းဆိုးပျောက်ဆေး  ထည့်မချက်ရန် သတိပေး
စက်တင်ဘာ 22, 2022 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်နိုင်ငံတွင် "Sleepy Chicken" ဟု အမည်ပေးထားသည့် TikTok Challenge ပျံ့နှံ့လာခဲ့ပြီးနောက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန Food and Drug Administration (FDA) က ချောင်းဆိုးပျောက်ဆေးထဲတွင် ကြက်သားထည့် မချက်ကြရန် ပြောကြားလာရသည်။

 ကြက်သားကို NyQuil အမှတ်တံဆိပ် ချောင်းဆိုးပျောက်ဆေးထဲတွင် ထည့်၍ ချက်ပြုတ်ခြင်းမှာ မိုက်မဲမှုဖြစ်ပြီး စားချင်စဖွယ် မဟုတ်သည်သာမက အလွန်အန္တရာယ်မကင်းကြောင်း အမေရိကန် FDA က သတိပေးခဲ့သည်။

NyQuil ချောင်းဆိုးပျောက်ဆေးထဲတွင် ကြက်သားထည့်ချက်ပြသည့် TokTok ဗီဒီယိုအများအပြား တွေ့ရကြောင်းနှင့် ထိုချောင်းဆိုးပျောက်ဆေးတွင် acetaminophen, dextromethorphan နှင့် doxylamine ဆေးများ သို့မဟုတ် ချောင်းဆိုးပျောက်သည့် နောက်ထပ် အလားတူ ဆေးများပါဝင်ကြောင်း FDA က ပြောသည်။

ဆေးကို ကျိုချက်ခြင်းက ၎င်းကို ပိုမိုခဲပျစ်စေနိုင်ပြီး ၎င်း၏ ဂုဏ်သတ္တိများမှာ အခြားပုံစံများအဖြစ် ပြောင်းလဲသွားနိုင်သည်ဟု FDA က စက်တင်ဘာလ (၁၅) ရက်နေ့စွဲဖြင့် သတိပေးစာတွင် ဖော်ပြထားသည်။ 

"အဲဒီ ကြက်သားကို မစားပေမဲ့ ချက်ပြုနေစဥ် ထွက်လာတဲ့ ဆေးရဲ့အငွေ့တွေကို ရှူရှိုက်မိခြင်းက ခန္ဓာကိုယ်ထဲကို ဆေးဝါးများ အလွန်အကျွံဝင်သွားတာ ဖြစ်စေနိုင်ပါတယ်။ ဒါက အဆုတ်တွေကိုလည်း ထိခိုက်နိုင်ပါတယ်" ဟု FDA က သတိပေးသည်။

ဆရာဝန်ညွှန်ကြားချက်မပါသော ဆေးဝါးအသုံးပြုသည့် ဆိုရှယ်မီဒီယာပေါ်မှ Challenge များနှင့် ပတ်သက်၍  ယခုကဲ့သို့  အမေရိကန် FDA ၏ သတိပေးမှုမှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်းလည်း သိရသည်။

 ၂၀၂၀ ခုနှစ် စက်တင်ဘာလအတွင်းကလည်း TikTok ပေါ်မှ "Benadryl Challenge" Challengeတွင် ပါဝင်ခဲ့ပြီးနောက် ဆယ်ကျော်သက်များ ဆေးရုံ အရေးပေါ်ခန်းရောက်ခဲ့မှု သို့မဟုတ် သေဆုံးမှုများရှိခဲ့ပြီးနောက် FDA က သတိပေးချက်ထုတ်ခဲ့သေးသည်။

Benadryl မှာ ဓာတ်မတည့်မှုအတွက် သောက်ရသည့် ဆေးတစ်မျိုးဖြစ်ပြီး အလွန်အကျွံသောက်မိပါက နှလုံးပြဿနာ၊ ဦးနှောက်အလုပ်လုပ်မှု တုံ့ဆိုင်းပြီး လှုပ်ရှားမှုများ ကမောက်ကမဖြစ်ခြင်း၊ မေ့မြောသွားခြင်း သို့မဟုတ် သေဆုံးနိုင်သည်အထိပင် ဆိုးရွားသည့် ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်နိုင်ကြောင်း FDA က သတိပေးခဲ့သည်။

Source: Reuters