အရှေ့အာဖရိက ကင်ညာနိုင်ငံတွင် မိုးခေါင်ရေရှားမှုကြောင့် (၁၀) လအတွင်း ဆင် (၂၀၅) ကောင် အပါအဝင် တောရိုင်းတိရိစ္ဆာန် (၁၀၀၀)ကျော် သေဆုံး

အရှေ့အာဖရိက ကင်ညာနိုင်ငံတွင် မိုးခေါင်ရေရှားမှုကြောင့် (၁၀) လအတွင်း ဆင် (၂၀၅) ကောင် အပါအဝင် တောရိုင်းတိရိစ္ဆာန် (၁၀၀၀)ကျော် သေဆုံး
နိုဝင်ဘာ 5, 2022 | နိုင်ငံတကာသတင်း
By Mr John

 

ကင်ညာနိုင်ငံတွင် မိုးခေါင်ရေရှားမှုကြောင့် ဖေဖေါ်ဝါရီလနှင့် အောက်တိုဘာလအတွင်း ဆင် (၂၀၅) ကောင်နှင့် အခြား တောရိုင်းတိရစ္ဆာန် အများအပြား သေဆုံးခဲ့ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီး Peninah Malonza က နိုဝင်ဘာလ (၄) ရက်နေ့တွင် ပြောသည်။ 

အရှေ့အာဖရိက နေရာအများစုတွင် ယခု ၂၀၂၂ခုနှစ်သည် နှစ်ပေါင်း (၄၀) အတွင်း အဆိုးဆုံး မိုးခေါင်ရာသီဥတုကြုံတွေ့နေရသည့် နှစ်ဖြစ်သည်ဟု သိရသည်။

ဒေသတွင်း မိုးရွာသွန်းမှု စတင်ခဲ့ပြီသော်လည်း မိုးလေဝသဌာနက နိုင်ငံ၏ နေရာအများစုအတွက် လာမည့်လများတွင် မိုးရေချိန် ပျမ်းမျှအောက် လျော့နည်းမည်ဟု ခန့်မှန်းထားရာ ကင်ညာနိုင်ငံ၏ တောရိုင်းတိရိစ္ဆာန်များကို ခြိမ်းခြောက်မှု မပြီးဆုံးသေးကြောင်း စိုးရိမ်မှုများ မြင့်တက်နေသည်။ 

"မိုးခေါင်မှုကြောင့် တောရိုင်းတိရိစ္ဆာန်တွေ သေဆုံးခဲ့ပါတယ်။ ရေအရင်းအမြစ်တွေ လျော့နည်းသွားတာ၊ ရေပြတ်လပ်တာတွေကြောင့် သူတို့ သေဆုံးခဲ့ကြပါတယ်" ဟု Malonza က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မိုးခေါင်ရေရှားမှုကို တောရိုင်းတိရိစ္ဆာန်မျိုးစိတ် (၁၄) ခု ကြုံတွေ့ခံစားခဲ့ရကြောင်း ၎င်းကဆိုသည်။ 

မိုးခေါင်ရေရှားမှုကြောင့် ဆင်များ ရာနှင့်ချီ သေဆုံးမှုအပြင် တောဆိတ် (၅၁၂) ကောင်၊ မြင်းကျား (၃၈၁) ကောင်၊ သစ်ကုလားအုပ် (၁၂) ကောင်နှင့် ကျွဲရိုင်း (၅၁) ကောင်လည်း ထိုအချိန်ကာလအတွင်း သေဆုံးခဲ့သည်။ 

ထို့အပြင် ရှားပါးမျိုးစိတ်ဖြစ်သည့် Grevy's မြင်းကျား (၄၉) ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

 နိုဝင်ဘာလ (၄) ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် တောရိုင်းတိရိစ္ဆာန်များ သေဆုံးမှု ကိန်းဂဏန်းများမှာ မပြည့်စုံနိုင်ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက သတိပေးခဲ့ပြီး အချို့ တိရိစ္ဆာန်အသေကောင်များကို သားစားတိရိစ္ဆာန်များက စားပစ်ခဲ့နိုင်ရာ သေဆုံးမှုအရေအတွက်မှာ ပိုများနိုင်ခြေရှိသည်ဟု သိရသည်။

Source: Reuters

Photo:  REUTERS/Baz Ratner, Brian Inganga / Associated Press, AP, REUTERS/Baz Ratner/, Andrew Wasike/AA/picture alliance,