စစ်ပွဲစတင်ချိန်တွင် ယူကရိန်းနှင့် ငြိမ်းချမ်းရေး သဘောတူညီမှု ရခဲ့သော်လည်း ရုရှားသမ္မတပူတင်က ပယ်ချခဲ့ဟုဆို

စစ်ပွဲစတင်ချိန်တွင် ယူကရိန်းနှင့် ငြိမ်းချမ်းရေး သဘောတူညီမှု ရခဲ့သော်လည်း ရုရှားသမ္မတပူတင်က ပယ်ချခဲ့ဟုဆို
စက်တင်ဘာ 15, 2022 | နိုင်ငံတကာသတင်း
By Mr John

ယူကရိန်းစစ်ပွဲ စတင်ချိန်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ယူကရိန်းနိုင်ငံဆိုင်ရာ သံတမန်အကြီးအကဲက NATO အဖွဲ့သို့ ယူကရိန်း မဝင်ရန် ရုရှား၏ တောင်းဆိုချက်ကို ကျေနပ်စေမည့် ယာယီ သဘောတူညီချက်ရရှိခဲ့ကြောင်း ပြောခဲ့သော်လည်း ပူတင်က ပယ်ချခဲ့ပြီး ၎င်း၏ စစ်ရေးလှုပ်ရှားမှုကို ဆက်လုပ်ခဲ့ကြောင်း ရုရှားခေါင်းဆောင်ပိုင်းနှင့် နီးစပ်သည့် လူ (၃) ဦးက ပြောသည်။

ယူကရိန်းတွင် မွေးဖွားခဲ့သည့် သံတမန် Dmitry Kozak က ၎င်းအနေဖြင့် ထိုသဘောတူညီချက်က ရုရှားအတွက် ယူကရိန်း၏ နယ်မြေအများအပြားကို သိမ်းပိုက်ရန် လိုအပ်ချက်ကို ရှောင်ရှားနိုင်သည်ဟု ယူဆကြောင်း သမ္မတပူတင်ကို ပြောခဲ့သည်ဟု ထိုသတင်းရင်းမြစ်များက ဆိုသည်။ 

သမ္မတပူတင်ကို ထိုသဘောတူညီချက်အား လက်ခံရန် သံတမန် Kozak ၏ ထောက်ခံအကြုံမှုသတင်းကို Reuters သတင်းက ဖော်ပြခဲ့ဖူးသည်။

NATO စစ်ရေးမဟာမိတ်အုပ်စုက အရှေ့ဥရောပမှ နိုင်ငံများကို အဖွဲ့ဝင်သစ်များအဖြစ် လက်ခံခြင်းဖြင့် ၎င်း၏ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများမှာ ရုရှားနယ်စပ်နှင့် ပိုမိုနီးကပ်လာကြောင်း ယူကရိန်းစစ်ပွဲမတိုင်မီ ပူတင်က ထပ်တလဲလဲ ပြောနေခဲ့သည်။ 

NATO အုပ်စု က ယူကရိန်းကိုလည်း ၎င်း၏ အဖွဲ့ဝင်နိုင်ငံ အဖြစ် ခေါ်သွင်းရန် ပြင်ဆင်နေကြောင်းလည်း ရုရှားသမ္မတပူတင်က ဆိုသည်။ 

ထိုအခြေအနေက ရုရှားအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာကြောင်းနှင့် တုံ့ပြန်ဆောင်ရွက်ရန် ယူကရိန်းတွင် အထူးစစ်ဆင်ရေးလုပ်ခဲ့ရသည်ဟု ပူတင်က လူသိရှင်ကြား ပြောခဲ့သည်။

ပူတင်က Kozak ဦးဆောင်သည့် သံတမန်အဖွဲ့နှင့် ယူကရိန်းအစိုးရကြား ဆွေးနွေးညှိနှိုင်းရရှိခဲ့သည့် ငြိမ်းချမ်းရေးသဘောတူညီချက်မှာ မလုံလောက်ဟု သတ်မှတ်ပြီး ယူကရိန်းနယ်မြေ အများအပြားကို သိမ်းပိုက်ရန် အပါအဝင် ၎င်း၏ ရည်မှန်းချက်များကို ဆက်လုပ်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ 

နောက်ဆုံးတွင်မူ ထိုသဘောတူညီချက်မှာ ပျက်ပြားသွားခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ရုရှားအစိုးရပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov ကမူ လက်တွေ့နှင် လုံးဝ မအပ်စပ်ကြောင်းနှင့် ထိုကဲ့သို့ သဘောတူညီမှုမျိုး မည်သည့်အခါကမျှ မရှိခဲ့ကြောင်း တုံ့ပြန်ခဲ့ပြီး လုံးဝ မှားယွင်းသည့် သတင်းအချက်အလက်ဖြစ်ကြောင်း ပြောသည်။ 

သံတမန် Kozak ကို ရုရှားအစိုးရထံမှတစ်ဆင့် မှတ်ချက်ပေးရန် တောင်းခံခဲ့သော်လည်း အကြောင်းမပြန်ခဲ့ဟု ဆိုသည်။

သတင်းရင်းမြစ် (၃) ခုအနက်မှ (၂) ခု၏ အဆိုအရ ရုရှားက ယူကရိန်းကို ဖေဖေါ်ဝါရီ (၂၄) ရက်တွင် စတင်ကျူးကျော်ခဲ့ပြီးနောက် အပြီးသတ် သဘောတူညီချက်ရရှိခဲ့သည်ဟု သိရသည်။ 

ရက်ပိုင်းအတွင်းတွင် ရုရှား၏ တောင်းဆိုချက်များကို ယူကရိန်းဘက်မှ သဘောတူညီမှုရခဲ့သည်ဟု Kozak က ယူဆခဲ့ပြီး သမ္မတပူတင်ကို သဘောတူညီချက် လက်မှတ်ရေးထိုးရန် အကြံပြုခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

"ဖေဖေါ်ဝါရီလ (၂၄) ရက် နောက်ပိုင်းမှာ Kozak က သဘောတူညီမှုရခဲ့ပြီလို့ ပြောလာတယ်။ ဒီသဘောတူညီချက်ကို သူပြန်ယူဆောင်လာပြီးတော့ သံတမန်အဖွဲ့က သမ္မတပူတင်ကို တင်ပြခဲ့တယ်။ အားလုံးကို ပယ်ချပစ်ခဲ့တယ်။ ပူတင်က အစီအစဥ်ကို သူလုပ်ချင်တဲ့အတိုင်း အလွယ်လေးပဲ ပြောင်းလိုက်တယ်" ဟု ရုရှားခေါင်းဆောင်ပိုင်းနှင့် နီးကပ်သည့် သတင်းရင်းမြစ်များအနက်မှ တစ်ဦးက ဆိုသည်။

ယူကရိန်းနှင့် ဆွေးနွေးညှိနှိုင်းမှုကို ဦးဆောင်ခဲ့သည့် အသက် (၆၃) နှစ်အရွယ် Kozak မှာ ၁၉၉၀ ပြည့်လွန် နှစ်များအတွင်း စိန့်ပီတာစဘတ်မြို့တော်ဝန်ရုံးတွင် ၎င်းနှင့်အတူ အလုပ်လုပ်ခဲ့စဥ်ကတည်းက ပူတင့်အပေါ် သစ္စာစောင့်သိသူတစ်ဦး ဖြစ်သည်။ 

သမ္မတပူတင်က ၂၀၂၀ ခုနှစ်မှစပြီး ယူကရိန်းအရှေ့ပိုင်း Donbas နယ်မြေကိစ္စနှင့်ပတ်သက်၍ ယူကရိန်းနှင့် စေ့စပ်ဆွေးနွေးရန် Kozak ကို တာဝန်ပေးထားခဲ့ရာ ၎င်းက ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ်ကို ညှိနှိုင်းရန် ကောင်းစွာ ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

Source: Reuters

Photo:  REUTERS/Gleb Garanich,