အစ္စလာမ် ဥပုသ်လအတွင်း ငွေ(၅၀၀၀)ပေးဝေသည့် အလှူတွင် လူအုပ်ပြိုလဲပြီး အနည်းဆုံး လူ (၈၀) နီးပါး သေဆုံး

အစ္စလာမ် ဥပုသ်လအတွင်း ငွေ(၅၀၀၀)ပေးဝေသည့် အလှူတွင် လူအုပ်ပြိုလဲပြီး အနည်းဆုံး လူ (၈၀) နီးပါး သေဆုံး
By Mr John

 ယီမင်နိုင်ငံ ဆာနားမြို့တော်တွင် စာသင်ကျောင်းတစ်ကျောင်း၌ ကုန်သည်များက ရာမာဒန်လ (ဥပုသ်လ) အတွက် ငွေလှူဒါန်းပေးကမ်းရာ လှူဒါန်းငွေရယူရန် လူအများအပြား စုရုံးရောက်ရှိနေကြစဉ် လူအုပ်လဲပြိုမှုကြောင့် အနည်းဆုံး လူ (၇၈) ဦး သေဆုံးခဲ့ကြောင်း ဟူသီအုပ်ချုပ်‌ရေးအဖွဲ့က ၂၀၂၃ခုနှစ် ဧပြီလ (၂၀) ရက်နေ့တွင် ပြောသည်။ 

တစ်ဦးလျှင် ယီမင်ငွေ (၅,၀၀၀) (အမေရိကန်ဒေါ်လာ ၉ ဒေါ်လာ) လှူဒါန်းငွေရယူရန်အတွက် ရာနှင့်ချီသည့် လူအများအပြား စုရုံးရောက်ရှိလာပြီး လူအုပ်စုကြီး ဖြစ်ပေါ်ခဲ့ကြောင်း ကယ်ဆယ်ရေးတွင် ပါဝင်လုပ်ကိုင်ခဲ့သူ မျက်မြင် (၂) ဦးက Reuters သတင်းဌာနကို ပြောသည်။

"တံခါးဖွင့်တဲ့ အချိန်မှာ လူတွေက ကျောင်းဝင်းထဲကို သူ့ထက်ငါ အရင်ရောက်အောင် စုပြုံတိုးဝှေ့ကြပြီး တချို့က ကျောင်းခန်းအတွင်း ဝင်ပေါက်ဆီကိုသွားတဲ့ လှေကားထစ်တွေပေါ်မှာ စပြီးလဲကျခဲ့ကြတယ်" ဟု ဆေးဘက် ဝန်ထမ်းတစ်ဦးက ဆိုသည်။ 

အစ္စလာမ်ဘာသာဝင်များ၏ အီးဒ်နေ့မတိုင်မီ မြင့်မြတ်သည့် ဥပုသ်လ နောက်ဆုံးရက်များတွင် ဆင်းရဲသားများကို ငွေပေးကမ်းဝေငှစဉ် လူအုပ်လဲပြိုမှု ဖြစ်ပွားခဲခြင်းဖြစ်ပြီး စိုးရိမ်ရသော အခြေအနေရှိသူ (၁၃) ဦး အပါအဝင် လူ (၇၇) ဦး ဒဏ်ရာရခဲ့ကြောင်း ဟူသီအုပ်ချုပ်ရေးအဖွဲ့ ကျန်းမာရေးဝန်ကြီးက ပြောသည်။ 

ငွေပေးကမ်းဝေငှရန် စီစဉ်မှုအတွက် တာဝန်ရှိသူ ကုန်သည် (၂) ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးနေကြောင်း ဟူသီပြည်ထဲရေးဝန်ကြီးက ဆိုသည်။

"ကျွန်တော်တို့ ကြီးစွာသော ကြေကွဲဝမ်းနည်းစရာ အဖြစ်ဆိုးတစ်ခုကို ကြုံရတာဖြစ်ပါတယ်။ ဒီလူအုပ်လဲပြိုမှုမှာ ကျွန်တော်တို့ရဲ့ ပြည်သူတွေ အများကြီး သေဆုံးခဲ့ကြတယ်" ဟု ယီမင်မြောက်ပိုင်းကို ထိန်းချုပ်ထားသည့် ဟူသီလှုပ်ရှားမှုအဖွဲ့ (ဟူသီအစိုးရအဖွဲ့) ဝန်ကြီးချုပ် အဗ္ဗဒူလာဇစ် ဘင်ဟက်ဘ်တောက ပြောသည်။ 

ယီမင်နိုင်ငံမှာ ယီမင်အစိုးရကို ထောက်ပံ့ကူညီနေသည့် ဆော်ဒီအာရေဗီးယားနိုင်ငံ ဦးဆောင်သော စစ်ဘက်ညွှန့်ပေါင်းအုပ်စုနှင့် အီရန်နိုင်ငံနှင့် မဟာမိတ်ဖွဲ့ထားသည့် ဟူသီအုပ်စုကြား (၈) နှစ်ကြာပြီဖြစ်သော စစ်ပွဲအတွင်း နစ်မွန်းနေခဲ့သည်။ 

ထိုစစ်ပွဲကြောင့် ယီမင်တွင် ထောင်ပေါင်းများစွာသော ပြည်သူများ သေဆုံးခဲ့ပြီး စီးပွားရေးပျက်ယွင်းကာ လုဦးရေ သန်းနှင့်ချီ ငတ်မွတ်ခေါင်းပါးနေကြကြောင်း သိရသည်။

လွန်ခဲ့သည့် (၈) နှစ်တွင် စစ်ပွဲ မစတင်မီကပင်  ယီမင်မှာ ဆင်းရဲသည့်နိုင်ငံ ဖြစ်နေခဲ့ပြီး ယခု ပြည်တွင်းစစ်ဖြစ်ပွားနေသည့် အချိန်တွင်လည်း လူဦးရေ၏ သုံးပုံနှစ်ပုံမှာ အကူအညီများ လိုအပ်လျက်ရှိသည်။ 

 

Source: Reuters

Photo: Houthi Media Center, Al Masirah TV