အီရန်နိုင်ငံတွင် ဆန္ဒပြ ပြည်သူများကို ပြင်းထန်စွာ ဖြိုခွင်းမှုကြောင့် သေဆုံးသူ အနည်းဆုံး (၇၆) ဦးရှိလာ 

အီရန်နိုင်ငံတွင် ဆန္ဒပြ ပြည်သူများကို ပြင်းထန်စွာ ဖြိုခွင်းမှုကြောင့် သေဆုံးသူ အနည်းဆုံး (၇၆) ဦးရှိလာ 
စက်တင်ဘာ 28, 2022 | နိုင်ငံတကာသတင်း
By Mr John

 အီရန်နိုင်ငံတွင် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသည့် အမျိုးသမီး Masha Amini သေဆုံးမှုနှင့် ပတ်သက်၍ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ (၁၁) ညဆက်တိုက် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များက ဖြိုခွင်းမှုကြောင့် အနည်းဆုံး လူ (၇၆) ဦး သေဆုံးခဲ့ကြောင်း နော်ဝေနိုင်ငံ အော်စလိုမြို့အခြေစိုက် Iran Human Rights (IHR) လူ့အခွင့်အရေးအုပ်စုက ပြောသည်။

အီရန်အာဏာပိုင်များကမူ စက်တင်ဘာလ (၂၄) ရက် ကတည်းက ဆန္ဒပြမှုများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် (၄၁) ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

ယခု ဖြစ်ပွားနေသည့် ဆန္ဒပြမှုများမှာ ၂၀၁၉ ခုနှစ်နောက်ပိုင်း အစ္စလာမ်မစ်သမ္မတနိုင်ငံတွင် အဆိုးဆုံး ဆန္ဒပြမှုများလည်း ဖြစ်လာသည်။ 

ဆန္ဒပြသူများက စက်တင်ဘာလ (၂၆) ရက်နေ့၏  ညတွင်လည်း လမ်းပေါ်ထွက်လာခဲ့ကြသည်။

Amini သေဆုံးခဲ့သည့် စက်တင်ဘာလ (၁၆) ရက်နောက်ပိုင်း ဆန္ဒပြမှုများ ညစဥ် ဖြစ်ပွားနေခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက AFP သတင်းဌာနကို ပြောသည်။

အသက် (၂၂) နှစ်အရွယ် Amini မှာ မိသားစုနှင့်အတူ စက်တင်ဘာလ (၁၃) ရက်နေ့က တီဟီရန်မြို့သို့လာရောက်စဥ် မသင့်လျော်စွာ ဝတ်စားဆင်ယင်သည်ဟုဆိုကာ အကျင့်စာရိတ္တ ထိန်းသိမ်းရေးဆိုင်ရာ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီးနောက် သေဆုံးသွားခဲ့သည်။

IHR လူ့အခွင့်အရေးအုပ်စု ပြောကြားမှုအရ လုံခြုံရေးတပ်ဖွဲ့က ဖြိုခွင်းမှုအတွင်း အနည်းဆုံး လူ (၇၆) ဦး သေဆုံးခဲ့ပြီး အာဏာပိုင်များက Instagram နှင့် WhatsApp တို့ကို ပိတ်ပင်ခြင်းအပါအဝင် အင်တာနက်အသုံးပြုမှုကို ကန့်သတ်ထားကြောင်း သိရသည်။ 

ဆန္ဒပြမှုများအတွင်း လူ (၁,၂၀၀) ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အီရန်အာဏာပိုင်များက စက်တင်ဘာလ (၂၆) ရက်တွင် ပြောသည်။ 

ဖမ်းဆီးခံရသူများတွင် တက်ကြွလှုပ်ရှားသူများ၊ ရှေ့နေများနှင့် သတင်းထောက်များလည်း ပါဝင်သည်။

ထိုအတောအတွင်း လက်ရှိဖြစ်ပွားနေသည့် ဆန္ဒပြမှုများနှင့် ပတ်သက်၍ အီရန်နှင့် အနောက်အုပ်စုနိုင်ငံများကြား တင်းမာမှုများ တိုးလာနေကြောင်း သိရသည်။ 

ပြင်သစ်နိုင်ငံက အီရန်တွင် လုံခြုံရေးတပ်ဖွဲ့က ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းခြင်းအပေါ် အပြင်းထန်ဆုံး ရှုတ်ချကြောင်း ထုတ်ပြန်သည်။ 

ဂျာမနီနိုင်ငံကလည်း ယခုဖြစ်ရပ်နှင့် ပတ်သက်၍ အီရန်သံအမတ်ကို ဆင့်ခေါ်ခဲ့ပြီး ကနေဒါနိုင်ငံက အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ကြေညာခဲ့သည်။

အစောပိုင်းရက်တွင်လည်း ဥရောပသမဂ္ဂက အီရန်တွင် ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းနေမှုကို ကန့်ကွက်ရှုတ်ချခဲ့ပြီး အီရန်အစိုးရကလည်း ဗြိတိန်နှင့် နော်ဝေ သံအမတ်များကို ဆင့်ခေါ်ခဲ့သည်ဟု ဆိုသည်။ 

ပြီးခဲ့သည့် သီတင်းပတ်အတွင်း အမေရိကန်က အီရန်နိုင်ငံ၏ အကျင့်စာရိတ္တ ထိန်းသိမ်းရေးဆိုင်ရာ ရဲတပ်ဖွဲ့ကို အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်း သိရသည်။ 

အီရန်တွင် ၂၀၁၉ ခုနှစ်က ဓာတ်ဆီဈေးနှုန်း မြင့်တက်မှုကို ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ရာ အစိုးရက အင်အားသုံး ဖြိုခွင်းမှုကြောင့် လူ (၁,၅၀၀) သေဆုံးခဲ့ဖူးသည်။

Source: AFP

Photo: AFP,  REUTERS, AP,