COVID-19 ကူးစက်မှု ပြန်လည်မြင့်တက်နေသည့် တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် လူနေတိုက်ခန်းများကို ကွာရန်တင်းစင်တာအဖြစ် ပြောင်းလဲလိုက်၍ လူအများက ဒေါသထွက်

COVID-19 ကူးစက်မှု ပြန်လည်မြင့်တက်နေသည့် တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် လူနေတိုက်ခန်းများကို ကွာရန်တင်းစင်တာအဖြစ် ပြောင်းလဲလိုက်၍ လူအများက ဒေါသထွက်
By Mr John

 နေ့စဥ် COVID-19 ကူးစက်မှု ၂၀,၀၀၀ ကျော် တွေ့ရှိနေရသည့် တရုတ်စီးပွားရေးမြို့တော် ရှန်ဟိုင်းတွင် လူနေတိုက်ခန်း အဆောက်အအုံတွေကို ကွာရန်တင်းစင်တာအဖြစ် ပြောင်းလဲစီစဥ်လာခဲ့ရာ လူအများ ဒေါသထွက်နေကြပြီး အိမ်နီးနားချင်းတွေကလည်း ၎င်းတို့ ကူးစက်ခံရမည့်အန္တရာယ် ပိုများလာမှုအပေါ် စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။

ထိုအတောအတွင်း ဧပြီ (၁၄) ရက်နေ့က WeChat တွင် Live လွှင့်ခဲ့သည့် ဗီဒီယိုတစ်ခုအရ ရောဂါကူးစက်မှုကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ထားပြီး နောက်ကျောတွင် "ရဲတပ်ဖွဲ့" ဟု ရေးသားထားသည့် လူ (၃၀) ခန့်နှင့် အခြားလူများ အိမ်ရာဝင်းတစ်ခုအပြင်ဘက်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေခဲ့ပြီး အနည်းဆုံး လူတစ်ဦးကို ဆွဲခေါ်သွားကြောင်း တွေ့ခဲ့ရသည်။

ထိုဗီဒီယိုကို WeChat တွင် လူ ၁၀,၀၀၀ ကျော် ကြည့်ရှုခဲ့ပြီးနောက် ဖျက်ပစ်လိုက်သည်ဟု ဆိုသည်။ ထိုဗီဒီယိုတွင် အန္တရာယ်ရှိသည့် အကြောင်းအရာ ပါဝင်ခဲ့ကြောင်း WeChat က ကြေညာခဲ့သည်။

ရှန်ဟိုင်းမြို့ရှိ လူအများအပြားက လိုအပ်သည့် အထောက်အပံ့များပေးရန် ဆန္ဒပြတောင်းဆိုနေကြသည့် ဗီဒီယိုတွေလည်း ထွက်ပေါ်လာခဲ့သည်။

COVID-19 ကူးစက်မှုအသစ်များ မြင့်တက်လာမှုကို ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရသည့် ရှန်ဟိုင်းမြို့တွင် မြို့၏လူဦးရေ (၂၅) သန်းကို အသွားအလာကန့်သတ်ပြီး lockdown သတ်မှတ်ထားဆဲဖြစ်သည်။

လက်ရှိအချိန်အထိ နေ့စဥ် ကူးစက်ခံရသူ ၂၀,၀၀၀ ကျော် တွေ့ရှိနေရပြီး အာဏာပိုင်တွေအတွက် ၎င်းတို့ကို သီးခြားခွဲထားရန် ကွာရန်တင်းစင်တာနေရာ မလုံလောက်မှု ရင်ဆိုင်နေရပြီး အာဏာပိုင်တွေက လတ်တလော သီတင်းပတ်များအတွင်း ရှန်ဟိုင်းမြို့ရှိ ပြပွဲခန်းမများနှင့် စာသင်ကျောင်းများကို ကွာရန်တင်းစင်တာများအဖြစ် ပြောင်းလဲစီစဥ်ခဲ့ပြီး ယာယီ ကုသရေးဆေးရုံများ တည်ဆောက်ခဲ့သည်။

သို့သော် ရှန်ဟိုင်းတွင် ကူးစက်ခံရသူများအနက် ရောဂါပြင်းထန်သူ နည်းပါနေရာ lockdown လုပ်ရန် မဖြစ်မနေ လိုအပ်ခြင်းရှိ၊ မရှိ အချို့က မေးခွန်းထုတ်နေကြသည်ဟု ဆိုသည်။ 

ရှန်ဟိုင်းမြို့ခံ အများအပြားက lockdown သတ်မှတ်ခြင်းနှင့် စားနပ်ရိက္ခာထောက်ပံ့မှု နည်းပါးခြင်းတို့ကို မကျေနပ်ကြောင်း ဆိုရှယ်မီဒီယာတွေ ပြောဆိုမှုများလည်းရှိနေသည်။

မြို့ခံလူထုက အစားအစာနှင့် ရေကို မှာယူနေရပြီး အစိုးရက ထောက်ပံ့ပေးသည့် ဟင်းသီးဟင်းရွက်၊ အသားနှင့် ကြက်ဥတို့ ရရှိနိုင်ရန် စောင့်ဆိုင်းနေကြရပြီး အတော်များများက ထောက်ပံ့မှုနည်းပါးနေသည်ဟု ဆိုသည်။ အသွားအလာကန့်သတ်သည့် lockdown ကာလကို တိုးချဲ့သတ်မှတ်မှုက ပို့ဆောင်ရေးလုပ်ငန်းများ၊ ကုန်စုံဆိုင်ဝက်ဘ်ဆိုက်များနှင့် အစိုးရ၏ အထောက်အပံ့ ဖြန့်‌ဝေရေးကိုပင် မနိုင်မနင်းဖြစ်လာစေခဲ့ကြောင်း သိရသည်။



Source: BBC, Reuters