အိန္ဒိယအစွန်အဖျား မဏိပူရပြည်နယ်တွင် မြေပြိုမှုကြောင့် သေဆုံးသူ (၃၇) ဦးအထိ မြင့်တက်လာ

အိန္ဒိယအစွန်အဖျား မဏိပူရပြည်နယ်တွင် မြေပြိုမှုကြောင့် သေဆုံးသူ (၃၇) ဦးအထိ မြင့်တက်လာ
ဇူလိုင် 4, 2022 | နိုင်ငံတကာသတင်း
By Mr John

 

အိန္ဒိယနိုင်ငံတွင် မြေပြိုမှုကြီးတစ်ခုကြောင့် သေဆုံးသူ အရေအတွက်မှာ ဇူလိုင် (၃) ရက်နေ့၌ (၃၇) ဦးအထိ မြင့်တက်လာကြောင်း အာဏာပိုင်တွေက ပြောသည်။ 

မိုးရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပြီးနောက် (၃) ရက်ကြာအထိ အခြား ပျောက်ဆုံးနေသူ (၂၅) ဦးကို ရှာဖွေရန် ကယ်ဆယ်ရေးအဖွဲ့များ ရုန်းကန်နေရသည်ဟု ဆိုသည်။ 

အိန္ဒိယအရှေ့မြောက်ပိုင်း အစွန်အဖျားနေရာရှိ မဏိပူရပြည်နယ်တွင် ဇွန်လ (၃၀) ရက် အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် မြေပြိုမှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

မြေပြိုမှုအတွင်း ရထားလမ်းဖောက်လုပ်ရေး အလုပ်သမားများနှင့် အိန္ဒိယစစ်တပ်၏ အရန်တပ်ဖွဲ့ဝင်များ စခန်းချနေထိုင်ကြသည့်နေရာကို ရွှံ့နွံနှင့် ကျောက်တုံးများ ဖုံးလွှမ်းသွားခဲ့ကြောင်း သိရသည်။ 

အရေးပေါ်အဖွဲ့များက မြေပြိုမှုဖြစ်ပြီး နာရီအနည်းငယ်အတွင်း အသက်ရှင်ကျန်သူ (၁၈) ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။ 

သို့သော် စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် Angom Bobin Singh ၏ ပြောကြားမှုအရ ဇူလိုင် လ(၃) ရက်နေ့တွင်  မြေပြိုမှုအတွင်း လူ (၂၈) ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ 

ထိုသို့ ပြောပြီးနောက်ပိုင်းတွင် အလောင်း (၃) လောင်း ပြန်ရှာတွေ့ခဲ့သည်ဟု ဆိုသည်။

မိုးသည်းထန်မှုနှင့် ရုတ်တရက် မြေပြိုမှုများကြောင့် မိုးလေဝသအခြေအနေ ဆိုးရွားနေသော်လည်း (၄) ရက်မြောက်အဖြစ် ရှာဖွေရေးလုပ်ငန်းကို ဇူလိုင် (၃) ရက်နေ့တွင် ဆက်လက် လုပ်ဆောင်နေခဲ့ကြောင်းလည်း သိရသည်။ 

အစွန်အဖျားနေရာဖြစ်သည့် အိန္ဒိယအရှေ့မြောက်ပိုင်းတွင် ယေဘုယျအားဖြင့် ကားလမ်းနှင့် ရထားလမ်း အခြေခံအဆောက်အအုံပိုင်း အားနည်းသော်လည်း ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း အိန္ဒိယအစိုးရက တရုတ်ဘက် နယ်စပ်ဖြတ်ကျော် တည်ဆောက်မှုနှင့် ကိုက်ညီစေရန် ရည်မှန်းချက်ကြီးသော အခြေခံအဆောက်အအုံ စီမံကိန်းများကို တွန်းအားပေးဆောင်ရွက်နေခဲ့သည်။

အိန္ဒိယတွင် ပြီးခဲ့သည့်လအတွင်းကလည်း မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများနှင့် နေအိမ်များ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး လူဦးရေ ဒါဇင်နှင့်ချီ သေဆုံးခဲ့ကြသည်။ 

ရာသီဥတုပြောင်းလဲမှုက ကမ္ဘာတဝန်း ထူးကဲပြင်းထန်သည့် မိုးလေဝသဖြစ်စဥ်များ ပိုမိုဖြစ်ပေါ်စေကြောင်း ကျွမ်းကျင်သူများက ပြောသည်။ 

အိန္ဒိယတွင်မူ ဆည်တည်ဆောက်ခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် ထူးကဲပြင်းထန်သည့် မိုးလေဝသဖြစ်စဥ်များအတွင်း လူသေဆုံးမှုကို ပိုမိုဆိုးရွားစေကြောင်း AFP သတင်းက ဖော်ပြသည်။

Source: AFP

Photo: INDIAN ARMY/AFP, PTI,