ကပ်ရောဂါကြောင့် ဖိလစ်ပိုင်ပြည်သူ သန်းနှင့်ချီပြီး ဆင်းရဲသွားခဲ့ဟု အစိုးရ ဆို

Photo: REUTERS
Photo: REUTERS
ကပ်ရောဂါကြောင့် ဖိလစ်ပိုင်ပြည်သူ သန်းနှင့်ချီပြီး ဆင်းရဲသွားခဲ့ဟု အစိုးရ ဆို
သြဂုတ် 16, 2022 | နိုင်ငံတကာသတင်း
By Mr John

 

ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၈ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်အတွင်း လူဦးရေ (၂.၃) သန်း ဆင်းရဲမွဲတေမှု အခြေအနေသို့ ရောက်သွားခဲ့ကြပြီး အများစုမှာ COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုဖြစ်ကြောင်း စာရင်းအင်းဌာနက ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၅) ရက်နေ့တွင် ထုတ်ပြန်သည်။

 ၂၀၁၈ ခုနှစ်တွင် ဖိလစ်ပိုင်လူဦးရေ၏ (၁၆.၇) ရာခိုင်နှုန်း ဆင်းရဲမွဲတေမှု အခြေအနေဖြင့် နေထိုင်ခဲ့ကြရပြီး ၂၀၂၁ ခုနှစ်တွင်မူ (၁၈.၁) ရာခိုင်နှုန်း သို့မဟုတ် လူဦးရေ သန်း (၂၀) နီးပါး ဆင်းရဲသွားခဲ့ကြသည်ဟု Philippine Statistics Authority (PSA) က ဆိုသည်။

အဆိုပါ ရာခိုင်နှုန်းမှာ အစိုးရက ရည်မှန်းထားသည့် ဆင်းရဲမွဲတေမှု (၁၅.၅) မှ (၁၇.၅) ရာခိုင်နှုန်းထက် ကျော်လွန်သွားပြီး မကြာသေးမီက ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် သမ္မတသစ် ဖာဒီနန်မားကို့စ်ဂျူနီယာကမူ ၎င်း၏ သမ္မတသက်တမ်းတစ်ခု ကုန်ဆုံးမည့် ၂၀၂၈ ခုနှစ်တွင် နိုင်ငံ၏ ဆင်းရဲမွဲတေမှုကို (၉) ရာခိုင်နှုန်းအထိ လျှော့ချရန် ရည်ရွယ်သည်ဟု ဆိုသည်။

ငွေကြေးဖောင်းပွမှု မြင့်တက်နေသော်လည်း သမ္မတသစ်၏ရည်ရွယ်ချက်မှာ အောင်မြင်နိုင်နေဆဲဖြစ်သည်ဟု စီးပွားရေးစီမံကိန်းဝန်ကြီး Arsenio Balisacan က ဆိုသည်။

အစိုးရ၏ မဟာဗျူဟာဖြစ်သည့် စီးပွားရေး အပြည့်အဝပြန်ဖွင့်ခြင်း၊ လူသားအရင်းအမြစ်နှင့် လူမှုဖူလုံရေးတွင် ရင်းနှီးမြှုပ်နှံခြင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် အရည်အသွေးရှိသော အလုပ်အကိုင်များ ပိုမိုဖန်တီးပေးခြင်းနှင့် ထုတ်ကုန်ပြိုင်ဆိုင်မှုများရှိစေခြင်းတို့ကို အာရုံစိုက်သွားမည်ဟု ၎င်းကပြောသည်။ 

"သက်တမ်းအလယ်မှာ ဆင်းရဲမွဲတေမှုကို (၅) ရာခိုင်နှုန်း လျှော့ချနိုင်ပါတယ်။ ပြီးရင် ၂၀၂၈ ခုနှစ်မှာ နောက်ထပ် (၄) ရာခိုင်နှုန်း လျှော့ချနိုင်ပါတယ်" ဟု ဝန်ကြီးက ဆိုသည်။

 လူတစ်ဦးချင်းစီ၏ ဝင်ငွေမှာ လူတစ်ဦးအတွက် အခြေခံအစားအစာနှင့် အစားအစာမဟုတ်သော လိုအပ်ချက်များအတွက် မလုံလောက်ခြင်းကို ဆင်းရဲတေမှုအဖြစ် သတ်မှတ်ပြီး ယခုစာရင်းအချက်အလက်များကို (၃) နှစ်တစ်ကြိမ် ထုတ်ပြန်ကြောင်း သိရသည်။ 

ကပ်ရောဂါမတိုင်မီ ၂၀၁၈ ခုနှစ်အတွင်းက နိုင်ငံ၏ ရည်ရွယ်ချက် အောင်မြင်ခဲ့ပြီး လူဦးရေ (၆) သန်းကို ဆင်းရဲမွဲတေမှုမှ လွတ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး အဆိုပါရည်ရွယ်ချက်မှာ မူလရည်မှန်းထားသည့် ၂၀၂၂ ခုနှစ်ထက် (၄) နှစ် စော၍ အောင်မြင်ခဲ့ကြောင်း  ဝန်ကြီး Arsenio Balisacan က ပြောသည်။

သို့သော် ၂၀၂၀ ခုနှစ်တွင် COVID-19 ကန့်သတ်ချက်များနှင့် ဆင်းရဲသော အိမ်ထောင်စုများအ‌နေဖြင့် ပုံမှန်အလုပ်အကိုင်ရှိရန် အကန့်အသတ်များ ကြုံလာရပြီးနောက် ဖိလစ်ပိုင်ပြည်သူ အများအပြားမှာ အခက်အခဲ ပြန်ဖြစ်လာခဲ့ကြရကြောင်း ၎င်းကဆိုသည်။

Source: Reuters