လေဆိပ်တွင် စုပြုံနေသည့် အာဖဂန်နစ္စတန်နိုင်ငံသားများ ကိုယ့်အိမ်ကိုသာ ပြန်ကြရန် တာလီဘန် ခေါင်းဆောင် ပြောကြား

Photo: Marcus Yam / Los Angeles Time
Photo: Marcus Yam / Los Angeles Time
လေဆိပ်တွင် စုပြုံနေသည့် အာဖဂန်နစ္စတန်နိုင်ငံသားများ ကိုယ့်အိမ်ကိုသာ ပြန်ကြရန် တာလီဘန် ခေါင်းဆောင် ပြောကြား
သြဂုတ် 25, 2021 | နိုင်ငံတကာသတင်း

အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်များ သိမ်းပိုက်မှုကြောင့် နိုင်ငံတွင်းမှ နိုင်ငံခြားသံတမန်များနှင့် မိသားစုများအပါအဝင် နိုင်ငံမှ ထွက်ခွာရန်လိုအပ်သည့် အာဖဂန်နိုင်ငံသားများကို ကဘူးလ်လေဆိပ်မှ ကယ်ထုတ်ပေးနေသည့် ကယ်ဆယ်ရေးလေယာဉ်များကို နောက်ဆုံးထွက်ခွာရန် အမေရိကန်က ကြေညာထားသည့်ရက်အတိုင်း လုပ်ဆောင်ရန်နှင့် အာဖဂန်များကို နိုင်ငံမှထွက်ခွာခွင့်မပြုကြောင်း တာလီဘန်က ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၄) ရက်နေ့တွင် ပြောကြားလိုက်သည်။

အာဖဂန်မှ ထွက်ခွာရန်လိုအပ်သူများကို ကယ်ဆယ်ရေးလေယာဉ်များဖြင့် ကယ်ထုတ်ပေးနေသည့် အမေရိကန်တပ်ဖွဲ့များကို ဩဂုတ်လ (၃၁) ရက်နေ့တွင် နောက်ဆုံးထား၍ ပြန်ထွက်ခွာမည်ဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းစဉ်ကို ရပ်နားမည်ဟု အမေရိကန်သမ္မတက ကြေညာထားသော်လည်း ကယ်ထုတ်ရမယ့် လူပေါင်းများစွာရှိနေသေး၍ လုပ်ငန်းစဉ်ကို ရက်ထပ်တိုးပေးရန် မဟာမိတ်အဖွဲ့များက တောင်းဆိုမှုများ ရှိနေခြင်းဖြစ်သည်။

နိုင်ငံခြားသားများအနေဖြင့် လေဆိပ်သို့ သွားနိုင်ပြီး လေဆိပ်တွင် စုပြုံနေသည့် အာဖဂန်များ အိမ်ပြန်ကြရန်နှင့် လေဆိပ်သွားလမ်း ပိတ်ထားပြီး အာဖဂန်များအား ဖြတ်သန်းခွင့်မပေးရန် တာလီဘန်ခေါင်းဆောင်က ပြောကြားထားသည်ဟု သိရသည်။

ကဘူးလ်လေဆိပ်မှ တစ်ပတ်အတွင်း လူပေါင်း (၂၀၀၀၀) ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်သော်လည်း နိုင်ငံတွင်းမှ ထွက်ခွာရန်လိုအပ်နေသူ အများအပြားစောင့်ဆိုင်းနေဆဲဖြစ်ပြီး အများစုမှာ အာဖဂန်များဖြစ်ကြကြောင်း သိရသည်။

တာလီဘန်များသိမ်းပိုက်ပြီးနောက် အာဖဂန်အမြောက်အမြားသည် ကဘူးလ်လေဆိပ်အပြင် နယ်စပ်များမှနေ၍ ထွက်ခွာနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေကြပြီး အများစုမှာ အမျိုးသမီးများ၊ ကလေးငယ်များဖြစ်ကြသည်ဟု သိရသည်။

တာလီဘန်တို့က အမျိုးသမီးများ ပညာသင်ကြားခွင့်၊ အလုပ်လုပ်ကိုင်ခွင့် တားမြစ်ခြင်းအပါအဝင် အမျိုးသမီးများအပေါ် အခွင့်အရေးချိုးဖေါက်မှုများ၊ တရားစီရင်ခြင်းများတွင် အများပြည်သူအနေဖြင့် ဥပဒေအကာအကွယ်မရမှုများကို ဆက်လက်လုပ်ဆောင်တော့မည်မဟုတ်ကြောင်း ပြောထားသော်လည်း  တာလီဘန်အုပ်ချုပ်မှုကို ကြုံတွေ့ဖူးထားသည့် ပြည်သူများက မယုံကြည်နိုင်ဘဲ ထွက်ပြေးနေကြခြင်းဖြစ်သည်။



Source: CNN