မြန်မာနှင့်နယ်စပ်ရှိ လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်၏ ကုမ္ပဏီက ဒေသတွင်း COVID 19 အခြေအနေကို ဖုံးကွယ်ထားပြီး Lockdown ကာလထပ်တိုး

မြန်မာနှင့်နယ်စပ်ရှိ လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်၏ ကုမ္ပဏီက ဒေသတွင်း COVID 19 အခြေအနေကို ဖုံးကွယ်ထားပြီး Lockdown ကာလထပ်တိုး

COVID 19 ဖြစ်ပွားမှုအခြေအနေကို လာအိုအစိုးရကိုလည်း မတင်ပြသည့်အပြင် သတင်းထုတ်ပြန်ခြင်းမရှိဘဲ ဖုံးကွယ်ထားသည့် လာအို ရွှေတြိဂံအထူးစီးပွားရေးဇုန်၏ ကုမ္ပဏီက အထူးစီးပွားရေးဇုန်ဒေသကို ၂၀၂၁ ခုနှစ် ဇူလိုင်လ (၂၅) ရက်နေ့၌ Lock Down ကာလကို နှစ်ပတ်ထပ်တိုးသတ်မှတ်လိုက်ကြောင်း သိရသည်။

အခုဆို lockdown ပြန်ချပြီ။ နောက်ထပ် (၁၄) ရက်။ အရင်က စမတ်ကတ်ဆိုတဲ့ ကတ်အဖြူရှိရင် သွားသွားလာလာ လုပ်လို့ရတယ်။ ဒါပေမဲ့ မနက်ဖြန်ကစပြီး သွားသွားလာလာ လုပ်လို့မရတော့ဘူး။ ဒီတြိဂံဇုန်မှာ အစကတော့ ကိုဗစ်ဖြစ်တာကို လာအိုတရုတ်သတင်းမှာ တင်သေးတယ်။ အဲဒီတုန်းကလည်း ဘိုကျောက်မှာ လူနာ (၁၅၀) လောက်တွေ့ရင် ဟွေဆိုင်းက (၃) ယောက်၊ (၄) ယောက်ပဲ။ ကျန်တာအကုန်လုံးက တြိဂံဇုန်ကပဲ။ နောက်တော့ သူတို့ သတင်းမတင်တော့ဘူး။ များလာတော့လေ အရမ်းများလာတော့ ဒီတြိဂံဇုန်မှာက မကောင်းတာလုပ်တဲ့ တရုတ်တွေက အများကြီးဆိုတော့ သူတို့ ဝင်လာစစ်မှာကိုလည်း ကြောက်တယ်။ လာအိုကျန်းမာရေးကလည်းပြန်ရော သူတို့လည်း သတင်းမတင်ကြတော့ဘူး။

ဟု လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်မှ အမည်မဖေါ်လိုသည့် သတင်းရင်းမြစ်က တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။

လာအိုနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဧပြီလမှစ၍ COVID 19 တတိယလှိုင်းဖြစ်ပွားနေပြီး COVID 19 task force က နေ့စဉ် ထုတ်ပြန်နေသည့် COVID 19 အတည်ပြုလူနာစာရင်းတွင် လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်ရှိသည့် ဘိုကျောက်ဒေသမှ အတည်ပြုလူနာစာရင်း မတွေ့ရသော်လည်း စီးပွားရေးဇုန်လုပ်ကိုင်ခွင့်ရကုမ္ပဏီက စီးပွားရေးဇုန်အတွင်းမှ မြန်မာရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ မြန်မာရွာ (ရခိုင်ရွာ)ကို ၂၀၂၁ ခုနှစ် ဧပြီလ (၂၃) ရက်နေ့ကတည်းက lockdown ချထားခဲ့ခြင်းဖြစ်သည်။

ရောဂါတွေ့ရတယ်လို့ တိတိကျကျလည်း မထုတ်ပြန်ဘူး။ အရင်ကဆို Quarantine ပို့တယ်သာပြောတယ် ဆေးစစ်ပေးတာတို့၊ ဆေးကုပေးတာတို့ မရှိဘူး။ အခုနောက်ပိုင်းမှ နှာခေါင်းနှိုက်စစ်တာ၊ အာခေါင်ထိုးစစ်တာကို လုပ်ပေးတယ်။ Quarantine မဝင်ရလို့ ရွာထဲကျန်ခဲ့တဲ့သူတွေကျတော့ ရွာကိုဆေးဖြန်းမယ်ဆိုပြီး ဒီကုမ္ပဏီနယ်မြေထဲက ဈေးနား (၃) ထပ်အဆောင်တစ်ခုကိုရွှေ့ခိုင်းတော့ နေရေးထိုင်ရေးတွေ အကုန်အခက်အခဲဖြစ်ကုန်ကြတယ်။ သံသယလူနာဆိုပြီး Quarantine ပို့လိုက်တဲ့သူတွေကလည်း နေမကောင်းတာမဖြစ်ကြဘူး ကျန်းကျန်းမာမာပဲ။ ရောဂါကြောင့် သေဆုံးသူလည်း မရှိဘူး

ဟု လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်မှ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။

COVID 19 အတည်ပြုလူနာများအပါအဝင် သံသယရှိသူများအား အသွားအလာကန့်သတ်ရာတွင် (၁၀) ရက်မှ (၁၄) ရက်သတ်မှတ်လေ့ရှိသော်လည်း ရွှေတြိဂံအထူးစီးပွားရေးဇုန်ကုမ္ပဏီက  မြန်မာရွှေ့ပြောင်းလုပ်သားများအား Quarantine Center များတွင် သတ်မှတ်ရက်မရှိ ထားပြီး အချို့မှာ quarantine နေထိုင်ရသည်မှာ (၃)လဝန်းကျင်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီပိုင်ရှင် တရုတ်နဲ့ သူခန့်ထားတဲ့ အုပ်ချုပ်ရေးဆိုတဲ့အဖွဲ့ လက်ဝါးချင်းရိုက် လုပ်စားသလားတောင် ထင်မိတယ်။ တစ်ချို့ဆို ဆေးမအောင်ဘူး Q စင်တာသွားရမယ်ဆိုရင် ပိုက်ဆံပေးလိုက်တော့ လူစားခေါ်သွားပေးတာတွေပါ ရှိတယ်။ Q စင်တာမှာလည်း ပိုက်ဆံပေးပြီးလာရွေးတဲ့သူဌေးမရှိရင် လနဲ့ချီနေကြရတယ်။အဲဒီလိုဖြစ်တော့ ဒီမှာက ကိုဗစ်ရှိတာလား မရှိတာလား မသိဘူး

ဟု မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။

လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်ကုမ္ပဏီက COVID 19 ဖြစ်ပွားမှုကို ထုတ်ဖေါ်ကြေညာခြင်းမပြု၍ အခြေအနေကို မသိရသော်လည်း လာအိုနိုင်ငံတွင်း COVID 19 တတိယလှိုင်းအတွင်း ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်း ယခင်ပထမလှိုင်းနှင့် ဒုတိယလှိုင်းထက် မြင့်တက်နေပြီး ကူးစက်မှုရှိနေဆဲဖြစ်သည်။



ဘယ်လိုပဲဖြစ်ဖြစ် ဒီကိုဗစ်က ရှိတယ်။ ကျွန်တော်တို့ မြန်မာတွေ Mask တပ်ကြပါ။ Lockdown မှာ အပြင်မထွက်နဲ့ဆို မထွက်ဘဲနေပါ။ ဒါဆို စီးပွားရေးဇုန်က ကိုဗစ်ကင်းသွားရင် သူတို့ lockdown ပြန်ဖွင့်မှာပါ။

ဟု လာအိုရောက် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ဆိုသည်။



ဘိုကျောက်ဒေသအတွင်း (၃) နိုင်ငံနယ်စပ် မဲခေါင်မြစ်ကမ်းတွင် လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်အဖြစ် အကောင်အထောင်ဖေါ်ဆောင်ခွင့်ကို ဟောင်ကောင်အခြေစိုက် Kings Romans ကုမ္ပဏီအား လာအိုအစိုးရက ခွင့်ပြုပေးထားပြီး အဆိုပါအထူးစီးပွားရေးဇုန်အတွင်း စီမံခန့်ခွဲမှုများကို ကုမ္ပဏီကဆောင်ရွက်ခြင်းဖြစ်သည်။