မျောက်ကျောက်ကဲ့သို့ ရောဂါများ ကူးစက်ဖြစ်ပွားမှုမှာ ပို၍ မကြာခဏ ဖြစ်တတ်လာကြောင်း WHO သတိပေး

မျောက်ကျောက်ကဲ့သို့ ရောဂါများ ကူးစက်ဖြစ်ပွားမှုမှာ ပို၍ မကြာခဏ ဖြစ်တတ်လာကြောင်း WHO သတိပေး
By Mr John

မျောက်ကျောက် (monkeypox) နှင့် လာဆာအဖျားရောဂါ (lass fever) ကဲ့သို့ လူအစုလိုက် အပြုံလိုက်တွင် ရောဂါကူးစက်ဖြစ်ပွားမှုများ ပို၍ မကြာခဏ ဖြစ်တတ်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) ၏ အရေးပေါ်ဆိုင်ရာ ညွှန်ကြားရေးမှူး မိုက်ခ်ရိုင်ယန်က ဇွန်လ (၁) ရက်တွင် သတိပေးခဲ့သည်။

ရာသီဥတုပြောင်းလဲမှုကြောင့် မိုးခေါင်ခြင်းကဲ့သို့ မိုးလေဝသအခြေအနေများ လျင်မြန်စွာ အပြောင်းအလဲဖြစ်ပေါ်နေရာ တိရိစ္ဆာန်နှင့် လူသားတို့က စားနပ်ရိက္ခာ ရှာဖွေကြသည့် အမူအကျင့် ပြောင်းလာကြသည်ဟု ဆိုသည်။

ထိုအခြေအနေ၏ ရလဒ်အနေဖြင့် တိရိစ္ဆာန်များတွင် ကူးစက်ပျံ့နှံ့နေကျဖြစ်သည့် ရောဂါများမှာ လူသားများထံသို့ ကူးစက်မှုမြင့်တက်လာကြောင်း ၎င်းကဆိုသည်။

"ကံမကောင်းစွာနဲ့ပဲ ဒီလိုရောဂါ ဖြစ်ပွားမှုတွေက ပိုမိုကျယ်ပြန့်လာပြီး ကျနော်တို့ လူ့အသိုင်းအဝိုင်းကြား ပိုမိုရောက်ရှိလာတယ်။ ဒါကြောင့်ပဲ ရောဂါပေါ်ပေါက်မှုနဲ့ ရောဂါြဖစ်ပွားမှု နယ်ပယ်ကျယ်ပြန့်မှု နှစ်ခုလုံးက မြင့်တက်လာတယ်" ဟု မိုက်ခ်ရိုင်ယန်က ပြောသည်။

လက်တလောတွင် အာဖရိက အနောက်ပိုင်းနှင့် အလယ်ပိုင်း၌သာ တွေ့နေရသည့် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှု (၃၀၀) ကျော်ကို အာဖရိပြင်ပနိုင်ငံများ အထူးသဖြင့် ဥရောပနိုင်ငံများတွင် တွေ့ရှိလာရသည်။

သို့သော် အာဖရိကပြင်ပတွင် မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားနေမှုမှာ ကပ်ရောဂါတစ်ခုအဖြစ်သို့ ဦးတည်သွားမည်ဟု WHO က မယူဆကြောင်း တာဝန်ရှိသူတစ်ဦးက မေလ (၃၀) ရက်နေ့တွင် ပြောသည်။

လက္ခဏာမပြသည့် မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသူများထံမှ အခြားသူထံသို့ ကူးစက်နိုင်ခြင်းရှိ မရှိကို အတိအကျ မသိရသေးကြောင်းလည်း WHO က ဆိုသည်။

မျောက်ကျောက်ရောဂါမှာ ကိုယ်ပူချိန်မြင့်တက်ခြင်း အပါအဝင် ကနဦးလက္ခဏာများ ဖြစ်ပေါ်လာပြီးနောက် အဖုအပိမ့်များ လျင်မြန်စွာ ထွက်ပေါ်လာကြောင်း သိရသည်။

ထိုရောဂါကူးစက်ခံရသူများ၏  လက်နှင့်မျက်နှာတွင် ရေကျောက်ကဲ့သို့ အဖုအပိမ့်များ ထွက်လာသည်။

မျောက်ကျောက်ရောဂါအတွက် သတ်မှတ်ထားသော ကုသမှုမရှိသော်လည်း ရောဂါလက္ခဏာများမှာ များသောအားဖြင့် (၂) ပတ်မှ (၄) ပတ်ကြာပြီးနောက် ကင်းရှင်းသွားပြီး ပုံမှန်အားဖြင့် သေစေနိုင်ခြင်းမရှိပေ။

အာဖရိကပြင်ပ နိုင်ငံများတွင် လက်ရှိဖြစ်ပွားနေသော မျောက်ကျောက်ရောဂါဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ကြောင်းနှင့် ထိုဗိုင်းရပ်စ်မှာ မျိုးဗီဇပြောင်းလဲသော အထောက်အထားမရှိကြောင်း WHO က မေလ (၂၃) ရက်နေ့တွင် ပြောထားသည်။

မျောက်ကျောက်ရောဂါကို ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း အာဖရိကတိုက် အလယ်ပိုင်းရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ပထမဆုံး တွေ့ရှိခဲ့ရသည်။

 

Source: Reuters