နယ်စပ်အနီး ပြုတ်ကျလာသည့် အရာဝတ္တုပေါ်ကနေ နိုင်ငံအတွင်း COVID-19  ရောက်ရှိလာခဲ့ဟု မြောက်ကိုရီးယားဆို 

Photo:   KCNA,
Photo: KCNA,
နယ်စပ်အနီး ပြုတ်ကျလာသည့် အရာဝတ္တုပေါ်ကနေ နိုင်ငံအတွင်း COVID-19  ရောက်ရှိလာခဲ့ဟု မြောက်ကိုရီးယားဆို 
By Mr John

 မြောက်ကိုရီးယားတွင် COVID-19 ဖြစ်ပွားမှုမှာ တောင်ကိုရီးယားနှင့် နယ်စပ်အနီး အခြားကနေ ပြုတ်ကျလာသည့် အရာဝတ္တုများကို နိုင်ငံသားများက ထိတွေ့မိရာကနေ စတင်ခဲ့ခြင်းဖြစ်ကြောင်း ပြုံယမ်းမြို့ရှိ အစိုးရသတင်းဌာန KCNA က ဆိုသည်။

ထိုအရာဝတ္တုများမှာ တောင်ကိုရီးယားနှင့် နယ်စပ်ကိုဖြတ်ကျော်ပြီး မိုးပျံပူ‌ဖောင်းဖြင့် ပို့လွှတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း မြောက်ကိုရီးယားက ဆိုသည်။ 

ဧပြီလအတွင်း အသက် (၁၈) နှစ်အရွယ် စစ်သားတစ်ဦးနှင့် (၅) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးတို့က နိုင်ငံအတွင်း ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများဖြစ်ကြကြောင်း မြောက်ကိုရီးယားအစိုးရသတင်းဌာန KCNA က ဖော်ပြသည်။

နိုင်ငံသားများအနေဖြင့် လေတိုက်ခတ်မှုနှင့် အခြား မိုးလေဝသဖြစ်စဥ်တို့ကြောင့် တောင်ကိုရီးယားဘက်မှ လွင့်လာနိုင်သော အရာဝတ္တုများကို သတိထားကြရန် မြောက်ကိုရီးယားအစိုးရက တိုက်တွန်းထားသည်။ 

တွေ့နေကျမဟုတ်သည့် ထူးဆန်းသောအရာဝတ္တုတစ်ခုကို တွေ့ရှိပါက အရေးပေါ် ကပ်ရောဂါတိုက်ဖျက်ရေးအဖွဲ့က အလျင်အမြန် ဖယ်ရှားနိုင်ရန်အတွက် ချက်ချင်း သတင်းပို့အကြောင်းကြားကြရန်လည်း ညွှန်ကြားထားသည်။

တောင်ကိုရီးယားဘက်ရှိ တက်ကြွလှုပ်ရှားသူများက လက်ကမ်းစာစောင်များနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို မိုးပျံပူဖောင်းများသုံးပြီး နယ်စပ်ဖြတ်ကျော် ပို့လွှတ်နေခဲ့သည်။ 

မြောက်ကိုရီးယား၏ ယခုပြောဆိုမှုတွင် တောင်ကိုရီးယားကို တိုက်ရိုက်ရည်ညွန်းထားခြင်း မရှိသော်လည်း COVID-19 မှာ ထိုနည်းဖြင့် နယ်စပ်ဖြတ်ကျော်သွားနိုင်သည့် ဖြစ်နိုင်ခြေမရှိကြောင်း တောင်ကိုရီးယားအစိုးရ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက အခိုင်အမာ ငြင်းဆိုတုံ့ပြန်ခဲ့သည်။

မြောက်ကိုရီးယားတွင် ပြီးခဲ့သည့် ဧပြီလအတွင်းမှစပြီး မစစ်ဆေးရသေးသည့် COVID-19 ကူးစက်မှုဖြစ်သည်ဟု ယူဆရသော ဖျားနာသူဦးရေ (၄.၇) သန်းအထိ အလွန်များပြားစွာ တွေ့ရှိလာရမှုကြောင့် ရောဂါတိုက်ဖျက်ရေး ရုန်းကန်နေခဲ့ရသည်။

 မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က မေလအတွင်း ရောဂါဖြစ်ပွားမှုမှာ နိုင်ငံတည်ထောင်ခဲ့ချိန်နောက်ပိုင်း အကြီးမားဆုံး ကသောင်းကနင်းဖြစ်မှုဟုပြောကြောင်း KCNA က ဖော်ပြခဲ့သည်။



မြောက်ကိုရီးယား အာဏာပိုင်တွေက ၎င်းတို့နိုင်ငံတွင် COVID-19 ဗိုင်းရပ်စ် ပထမဆုံးကူးစက်မှု ကို မေလ (၁၂) ရက်နေ့မှသာ တရားဝင်ထုတ်ပြန်ခဲ့သည်။ 

မြောက်ကိုရီးယား၏ လူဦးရေ (၂၅) သန်းမှာ ကာကွယ်ဆေးထိုးမထားမှုနှင့် ကျန်းမာရေးစောင့်‌ရှောက်မှု ညံ့ဖျင်းမှုတို့ကြောင့် ကူးစက်လွယ်သူများဖြစ်ကြောင်းလည်း ကျွမ်းကျင်သူတွေက ဆိုသည်။ 

ယမန်နှစ်အတွင်း နိုင်ငံတကာအသိုင်းအဝိုင်းက AstraZeneca နှင့် တရုတ်ထုတ် Sinovac ကာကွယ်ဆေး သန်းနှင့်ချီ ပေးအပ်မည့်ကမ်းလှမ်းမှုများကို မြောက်ကိုရီးယားအာဏာပိုင်တွေက ငြင်းပယ်ထားခဲ့သည်။ 

ကာကွယ်ဆေးများကို လက်ခံမည့်အစား ၂၀၂၀ ခုနှစ်ကတည်းက ၎င်း၏နယ်စပ်များကို ပိတ်ထားခြင်းဖြင့် COVID-19 ကို ထိန်းချုပ်ထားခဲ့ကြောင်း ပြောခဲ့သည်။

Source: BBC, Bloomberg