ပင်လောင်းနှင့် ပင်းတယမြို့တို့တွင် ရန်ကုန်မှပြန်လာသည့် စက်ရုံလုပ်သားနှင့် ယာဉ်နောက်လိုက်တို့ထံက COVID 19 ပိုးတွေ့

ပင်လောင်းနှင့် ပင်းတယမြို့တို့တွင် ရန်ကုန်မှပြန်လာသည့် စက်ရုံလုပ်သားနှင့် ယာဉ်နောက်လိုက်တို့ထံက COVID 19 ပိုးတွေ့
အောက်တိုဘာ 14, 2020
By Tachileik News Agency
ပင်လောင်းနှင့် ပင်းတယမြို့တို့တွင် ရန်ကုန်မှပြန်လာသည့် စက်ရုံလုပ်သားနှင့် ယာဉ်နောက်လိုက်တို့ထံက COVID 19 ပိုးတွေ့
ရှမ်းပြည်နယ် (တောင်ပိုင်း ) ပင်လောင်းနှင့် ပင်းတယမြို့တို့တွင် ရန်ကုန်မှ ပြန်လာသည့် စက်ရုံလုပ်သား (၁) ဦးနှင့် ယာဉ်နောက်လိုက် (၁)ဦးတို့၌ COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့က ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)တွင် ဓာတ်ခွဲစစ်ဆေးတွေ့ရှိကြောင်း သိရသည်။
"Quarantine ထားတဲ့ ပင်လောင်းက (၁) ယောက်နဲ့ ပင်းတယက (၁) ယောက် positive တွေ့တယ်။ နှစ်ယောက်လုံးက ရန်ကုန်က ပြန်လာတာပဲ။ ပင်လောင်းက တစ်ယောက်က စက်ရုံမှာ အလုပ်လုပ်ပြီး ပြန်လာတာ။ ပြန်လာပြီး ပေါင်းလောင်းအောက်က ဟင်္သာကုန်းရွာမှာနေတာ။ သူက ပြန်ရောက်တာနဲ့  Quarantine ဝင်နေတာပါ။ သူအလုပ်လုပ်တဲ့စက်ရုံက လူ (၃၀၀၀) ကျော်လောက်ရှိတယ်လို့ ပြောတယ်။ အဲဒီထဲမှာ အယောက် (၂၀၀)လောက်က Positive ထွက်ထားတာဆိုတော့ သူ့ကို ပြန်လာတာနဲ့ Quarantine မှာ သီးသန့်ခွဲထားပြီး စစ်လိုက်တယ်။ နောက် ပင်းတယက တစ်ယောက်ကတော့ ယာဉ်နောက်လိုက်။ သူက ထောက်ကြံ့ကနေစီးလာတာ နေပြည်တော်မှာ စစ်လိုက်တော့ သူနဲ့အတူတူလာတဲ့သူတွေက Positive ဖြစ်တယ်။ သူက Negative ဆိုတော့ ပြန်လွတ်လာပြီး တခြားကားနဲ့ လိုက်လာတယ်။ ဒီဘက် ပွေးလှကို ပြန်လာတော့ သူ့ကို Quarantine ထားပြီး စစ်လိုက်တော့ Positive ဖြစ်တယ်။ သူတို့နှစ်ယောက်လုံးမှာ ထိတွေ့တော့မရှိဘူး။ ဒါပေမဲ့ ပွေးလှကတစ်ယောက်ကတော့ သူ့မိသားစုနဲ့ ထိတွေ့ဖြစ်မှာစိုးလို့ သူ့မိသားစုကိုတော့ swab ယူစစ်သွားမှာပေါ့"ဟု ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ အတည်ပြုလူနာ (၂)ဦးမှာ ပင်လောင်းမြို့ရှိ အမက(ကုန်းချိုင်း)နှင့် ပင်းတယရှိ ပွေးလှတို့တွင် အသွားအလာ ကန့်သတ်ထားသူများဖြစ်ကြပြီး ၎င်းတို့အား တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံသို့ အောက်တိုဘာလ (၁၅)ရက်နေ့တွင် ပို့ဆောင် ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနတွင် အောက်တိုဘာလ (၁၄)ရက်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်မှ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၅၆)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂)ဦးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~