သီရိလင်္ကာတွင် ပြည်သူက သဘောမကျသည့် ယာယီသမ္မတကို လွှတ်တော်က သမ္မတအဖြစ် ခန့်အပ်

သီရိလင်္ကာတွင် ပြည်သူက သဘောမကျသည့် ယာယီသမ္မတကို လွှတ်တော်က သမ္မတအဖြစ် ခန့်အပ်
ဇူလိုင် 21, 2022 | နိုင်ငံတကာသတင်း
By Mr John

ဘက်ပေါင်းစုံ ချွတ်ခြုံကျနေသည့် သီရိလင်္ကာနိုင်ငံတွင် ယာယီသမ္မတနှင့် ဝန်ကြီးချုပ်ဖြစ်သူ Ranil Wickremesinghe ကို သမ္မတအဖြစ် လွှတ်တော်အမတ်များက ဇူလိုင်လ (၂၀) ရက်နေ့၌ ရွေးချယ်လိုက်သည်။ 

ပြည်သူလူထုကြား ၎င်းကို အားပေးထောက်ခံမှုနည်းသော်လည်း လွှတ်တော်က Wickremesinghe ကို ထောက်ခံမဲ (၁၃၄) မဲ၊ ကန့်ကွက်မဲ (၈၂) မဲဖြင့် သမ္မတသစ်အဖြစ် ရွေးချယ်ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

သီရိလင်္ကာသမ္မတသစ် Wickremesinghe မှာ နိုင်ငံ၏ ပြိုလဲနေသည့် စီးပွားရေးကို ပြန်လည်ထူထောင်ရန်နှင့် လနှင့်ချီကြာ ပေါ်ပေါက်နေခဲ့သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကို ကိုင်တွယ်ဖြေရှင်းပြီး တည်ငြိမ်အေးချမ်းစေရန် အပါအဝင် လုပ်ဆောင်စရာများစွာကို ရင်ဆိုင်ရမည်ဖြစ်သည်။

 သီရိလင်္ကာဝန်ကြီးချုပ်အဖြစ် (၆) ကြိမ် တာဝန်ယူခဲ့ဖူးသည့် ဝါရင့်နိုင်ငံရေးသမား Wickremesinghe ကို အာဏာရပါတီက ထောက်ခံထားပြီး နိုင်ငံမှ ထွက်ပြေးသွားသည့် သမ္မတဟောင်း Gotabaya Rajapaksa က ၎င်းကို ယာယီသမ္မတဖြစ် ခန့်အပ်ထားခဲ့သည်။

သီရိလင်္ကာ၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ "သူတို့ ဘာတွေခံစားနေရတယ်ဆိုတာ ကျွန်တော် သိတယ်လို့ ပြည်သူတွေကို ပြောချင်ပါတယ်။ ကျွန်တော်တို့ နောက်ပြန်သွားခဲ့ကြတယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆွဲတင်ရမယ်။ ငါးနှစ် ဒါမှမဟုတ် ၁၀ နှစ် မလိုပါဘူး။ လာမယ့်နှစ်ရဲ့ နှစ်ကုန်ပိုင်းမှာ တည်ငြိမ်စပြုရအောင်ပါ။ ပြီးရင် ၂၀၂၄ ခုနှစ်မှာ စီးပွားရေးလည်ပတ်မှုရှိပြီး တိုးတက်မှုစတင်ပါလိမ့်မယ်" ဟု Wickremesinghe က ပြောထားသည်။

သီရိလင်္ကာတွင် ၁၉၄၈ ခုနှစ်တွင် ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရခဲ့ပြီးနောက် နှစ်ပေါင်း (၇၀) အတွင်း အဆိုးဆုံး စီးပွားရေးအကျပ်အတည်း ကြုံနေခဲ့ရပြီး ရက်သတ္တပတ်များကြာ လောင်စာဆီ၊ လျှပ်စစ်ဓာတ်အား၊ စားနပ်ရိက္ခာနှင့် အခြား မရှိမဖြစ် ပစ္စည်းများ ပြတ်လပ်မှုများ ဖြစ်ပေါ်နေခဲ့သည်။ 

အထွေထွေအကျပ်အတည်းများနှင့်အတူ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ လနှင့်ချီကြာ ပေါ်ပေါက်နေခဲ့သည်။ 

ဆန္ဒပြသူများက သမ္မတနန်းတော်နှင့် ဝန်ကြီးချုပ်ရုံးအပါအဝင် အစိုးရအဆောက်အအုံများကို စီးနင်းဝင်ရောက်ခဲ့ကြပြီးနောက် သမ္မတ Gotabaya မှာ က ဇူလိုင်လ (၁၃) ရက်နေ့၌ နိုင်ငံမှ ထွက်ပြေးသွားခဲ့သည်။

Source: BBC