လေယာဥ်ခရီးစဥ်အတွင်း အမျိုးသမီးတစ်ဦးအပေါ်   အရက်မူးပြီး ဆီးသွားချခဲ့မှုဖြင့် အိန္ဒိယရဲတပ်ဖွဲ့က ဘဏ်လုပ်ငန်းအရာရှိကို ဖမ်းဆီး

လေယာဥ်ခရီးစဥ်အတွင်း အမျိုးသမီးတစ်ဦးအပေါ်   အရက်မူးပြီး ဆီးသွားချခဲ့မှုဖြင့် အိန္ဒိယရဲတပ်ဖွဲ့က ဘဏ်လုပ်ငန်းအရာရှိကို ဖမ်းဆီး
ဇန်နဝါရီ 9, 2023 | နိုင်ငံတကာသတင်း
By Mr John

 အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှ ပျံသန်းလာသည့် အိန္ဒိယလေကြောင်းလိုင်း Air India ခရီးသည်တင်လေယာဥ်ပေါ်တွင် မလျော်ကန်သည့် အပြုအမူဖြင့် သောင်းကျန်းခဲ့သူတစ်ဦးကို အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ 

ထိုလေယာဥ်၏ business class တွင် လိုက်ပါလာသူ အမျိုးသမီးတစ်ဦးက သူမအပေါ်သို့ အမျိုးသားတစ်ဦးက ဆီးသွားချခဲ့ကြောင်း တိုင်ကြားမှုအရ စုံစမ်းစစ်ဆေးပြီးနောက် ရဲတပ်ဖွဲ့က Shankar Mishra အမည်ရှိ ဘဏ်လုပ်ငန်းအရာရှိကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

Mishra ကို အိန္ဒိယတောင်ပိုင်း Bengaluru မြို့၌ ဖမ်းဆီးခဲ့ပြီးနောက် ဇန်နဝါရီလ (၇) ရက်နေ့က မြို့တော်နယူးဒေလီသို့ ခေါ်ဆောင်လာခဲ့ကြောင်း နယူးဒေလီရဲတပ်ဖွဲ့ ပြောခွင့်ရအမျိုးသား Suman Nalva က ဇန်နဝါရီလ (၈) ရက်တွင် ပြောသည်။ 

ဖမ်းဆီးခံရပြီးနောက် Mishra က မည်သို့ထွက်ဆိုခဲ့ကြောင်းကိုမူ Nalva က ထုတ်ဖော်ပြောရန် ငြင်းဆိုခဲ့သည်။

Times of India သတင်းစာက Mishra ကို ကိုးကားဖော်ပြမှုအရ ၎င်းမှာ လေယာဥ်ပေါ်တွင် အရက်မူးနေခဲ့ပြီး ၎င်းလုပ်ခဲ့သည့်လုပ်ရပ်ကို မယုံနိုင်အောင် ဖြစ်ခဲ့ရသည်ဟု ဆိုသည်။ 

နယူးယော့ခ်-နယူးဒေလီ လေယာဥ်ခရီးစဥ်အတွင်း အမျိုးသမီးတစ်ဦးကို ကာအိန္ဒြေပျက်စေမှုဖြင့် စွပ်စွဲခံရသည့် Mishra ၏ အမှုအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေစဥ် ၎င်းကို (၁၄) ရက်ကြာ အကျဥ်းချ ထိန်းသိမ်းထားရန် နယူးဒေလီတရားရုံးတစ်ရုံးက အမိန့်ချမှတ်လိုက်သည်။

အကယ်၍ ပြစ်မှုကျူးလွန်ကြောင်း တရားရုံးက စီရင်ဆုံးဖြတ်ခဲ့ပါက Mishra မှာ ထောင်ဒဏ် (၃) နှစ်အထိ ကျခံရနိုင်ကြောင်း သိရသည်။ 

လေယာဥ်ပေါ်တွင် လိုက်ပါလာသည့် အခြား ခရီးသည်တစ်ဦး၏ ထွက်ဆိုမှုအရ Mishra က အရက်အလွန်အကျွံ သောက်ထားကြောင်းနှင့် ၎င်းကိုလည်း ဗလုံးဗထွေး စကားပြောခဲ့ပြီး ၎င်း၏မိသားစုအကြောင်း အကြိမ်ကြိမ် မေးနေခဲ့သည်ဟု ဆိုသည်။

ယခုဖြစ်ရပ်ကို ဆိုရှယ်မီဒီယာပေါ်နှင့် တက်ကြွလှုပ်ရှားသူများကြား ဒေါသတကြီး တုံ့ပြန်မှုများရှိလာခဲ့ရာ Air India က လေယာဥ်မှူးတစ်ဦးနှင့် လေယာဥ်အမှုထမ်း (၄) ဦးကို ဇန်နဝါရီလ (၇) ရက်နေ့တွင် သတိပေးစာထုတ်ပြီး တာဝန်ဆိုင်းငံ့ထားကြောင်း သိရသည်။ 

လေကြောင်းလိုင်းက Mishra ကို လေယာဥ်စီးခွင့် ရက် (၃၀) ကြာ ပိတ်ပင်ခြင်းမှာ လုံလောက်သည့် အရေးယူဆောင်ရွက်မှု မဟုတ်ကြောင်း ဆိုရှယ်မီဒီယာအသုံးပြုသူများနှင့် တက်ကြွလှုပ်ရှားသူများက ပြောဆိုကြသည်။

လေယာဥ်ခရီးစဥ်အတွင်း အရက်မူးပြီး အမျိုးသမီးတစ်ဦးပေါ်  ဆီးသွားချခဲ့သူ Mishra မှာ မွမ်ဘိုင်းမြို့အခြေစိုက် အမေရိကန်ဘဏ်လုပ်ငန်းအုပ်စု Wells Fargo ၏ အကြီးတန်းအရာရှိတစ်ဦး ဖြစ်သည်။ 

Well Fargo က Mishra ကို အလုပ်မှ ထုတ်ပယ်လိုက်ကြောင်း ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

Mishra က လေယာဥ်ခရီးစဥ်အတွင်း အရက်မူးပြီး မလျော်မကန် ပြုမူခဲ့သည့် ထိုဖြစ်ရပ်မှာ ၂၀၂၂ နိုဝင်ဘာလ (၂၆) ရက်နေ့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Source: AP, AFP