ရုရှားနိုင်ငံ  စိန့်ပီတာစဘတ်၏ နှစ်ပေါင်း ၁၈၀ သက်တမ်းရှိ သမိုင်းဝင်အဆောက်အဦး  မီးအကြီးအကျယ် လောင်ကျွမ်း

ရုရှားနိုင်ငံ  စိန့်ပီတာစဘတ်၏ နှစ်ပေါင်း ၁၈၀ သက်တမ်းရှိ သမိုင်းဝင်အဆောက်အဦး  မီးအကြီးအကျယ် လောင်ကျွမ်း

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ သမိုင်းဝင် စက်ရုံတစ်ရုံ ၂၀၂၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့က မီးအကြီးအကျယ်လောင်ကျွမ်းရာ မီးသတ်သမား (၁) ဦးသေဆုံးပြီး (၃)ဦးမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားသည်ဟု သိရသည်။ 

သမိုင်းဝင်အဆောက်အဦး တစ်ခုဖြစ်သည့် Nevskaya Manufaktura တွင် ဒေသစံတော်ချိန် နေ့လည် (၁၂) နာရီခွဲက မီးစတင်လောင်ကျွမ်းပြီးနောက် လေပြင်းတိုက်ခတ်မှုကြောင့် စက်ရုံအထပ် (၆) ခုလုံးသို့ လျင်မြန်စွာ မီးကူးစက်လောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သမိုင်းဝင်အဆောက်အဦး မှာ ၁၈၄၁ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် အထည်စက်ရုံဖြစ်ပြီး စိန့်ပီတာစဘတ်မြို့၏ အထင်ကရတစ်ခုလည်းဖြစ်သည်။

မီးလောင်သည့် အဆောက်အဦအတွင်းမှ လူပေါင်း (၄၀) ကို ကယ်တင်ခဲ့ရပြီး မီးသတ်သမား (၃၀၀) ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ရုရှား၏ ဒုတိယအကြီးဆုံးမြို့တော် စိန့်ပီတာစဘတ်မြို့ နီဗားမြစ်ကမ်းရှိ Nevskaya Manufaktura စက်ရုံကို ဆိုဗီယက်ကာလတစ်လျှောက်လုံး အစိုးရက လုပ်ကိုင်ခဲ့ပြီးနောက် ၁၉၉၂ ခုနှစ်တွင် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးထားခြင်းဖြစ်သည်။

source: BBC , ABC News

Photo: Anton Vaganvo/Reuters