အမေရိကန်လွတ်လပ်ရေးနေ့၏ ဟော့ဒေါ့အစားပြိုင်ပွဲတွင် (၁၀)မိနစ်အတွင်း ဟော့ဒေါ့ (၆၂)ခု စားနိုင်ခဲ့သူ

အမေရိကန်လွတ်လပ်ရေးနေ့၏ ဟော့ဒေါ့အစားပြိုင်ပွဲတွင် (၁၀)မိနစ်အတွင်း ဟော့ဒေါ့ (၆၂)ခု စားနိုင်ခဲ့သူ
ဇူလိုင် 6, 2023 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်လွတ်လပ်ရေးနေ့တွင် ကျင်းပခဲ့သည့် ဟော့ဒေါ့အစားပြိုင်ပွဲအတွင်း Joey Chestnut က ၎င်း၏ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ပြီး (၁၆) ကြိမ်မြောက် အနိုင်ရမှုအဖြစ် ဟော့ဒေါ့ (၆၂) ခုကို (၁၀) မိနစ်တွင်း ကုန်အောင်စားနိုင်ခဲ့ကြောင်း သိရသည်။ 

၂၀၂၃ခုနှစ် ဇူလိုင်လ(၄)ရက်နေ့တွင် ကျင်းပခဲ့သည့် အမေရိကန်လွတ်လပ်ရေးနေ့တွင် Nathan's Famous Hot Dog Eating ဟော့ဒေါ့အစားပြိုင်ပွဲကို နယူးယော့ခ်မြို့၏ Coney ကျွန်း၌ ကျင်းခဲ့ခြင်းဖြစ်ပြီး မိုးသက်မုန်တိုင်းကြောင့် ပွဲကျင်းပမှု နှောင့်နှေးခဲ့သေးသည်။

ဟော့ဒေါ့အစားပြိုင်ပွဲတွင် ဒုတိယအများဆုံး စားနိုင်ခဲ့သူမှာ မက်ဆာချူးဆက်ပြည်နယ်မှ  Geoff Esper ဆိုသူဖြစ်ပြီး ၎င်းက (၁၀) မိနစ်အတွင်း ဟော့ဒေါ (၄၉) ခု စားနိုင်ခဲ့သည်။ 

ဟော့ဒေါ့အများဆုံး စားနိုင်ခဲ့သည့် အသက် (၃၉) နှစ်အရွယ် Chestnut မှာ ၂၀၂၁ ခုနှစ်တွင် ဟော့ဒေါ့ (၇၆) ခုအထိ စားနိုင်ခဲ့ပြီး ကမ္ဘာ့စံချိန်တင်ထားခဲ့သူလည်း ဖြစ်သည်။

သို့သော် ယခုနှစ် အမေရိကန်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲတွင်မူ ၎င်း၏ စံချိန်ထက်လျော့နည်းသည့် ဟော့ဒေါ့အရေအတွက်ကိုသာ စားနိုင်ခဲ့သည်ကို တွေ့ရပြီး လာမည့်နှစ်တွင် ယခုထက်ပို၍ စားနိုင်ရန် ပြင်ဆင်ထားကြောင်း Chestnut က ဆိုသည်။ 

"ဒီနေ့ကတော့ အဆင်မပြေခဲ့ပေမဲ့ ကျွန်တော် ပြန်လာခဲ့ပါမယ်" ဟု Chestnut က ESPN သတင်းဌာကို ပြောခဲ့သည်။

အလားတူ  အမျိုးသမီး ဟော့ဒေါ့အစားပြိုင်ပွဲတွင်လည်း နယူးယော့ခ်မြို့သူ Miki Sudo က ဟော့ဒေါ့ (၃၉) ခုခွဲကို (၁၀) မိနစ်အတွင်း ကုန်အောင်စားနိုင်ခဲ့ပြီး (၉) ကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့သည်။ 

သူမက ၂၀၂၀ ခုနှစ်တွင် ဟော့ဒေါ့ (၄၈) ခုခွဲကို ကုန်အောင်စားနိုင်ခဲ့ပြီး အမျိုးသမီးပြိုင်ပွဲတွင် ကမ္ဘာ့စံချိန်တင်ထားသူလည်း ဖြစ်သည်။

(၁၀) မိနစ်အတွင်း ဟော့ဒေါ့အများဆုံးစားနိုင်သူဖြစ်ရန် ယှဥ်ပြုင်ရသည့် ပြိုင်ပွဲကို ၁၉၈၀ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ထိုစဥ်က အနိုင်ရရှိသူမှာ ဟော့ဒေါ့ (၉) ခုကို စားနိုင်ခဲ့သည်။ 

Source: Reuters

Photo:  REUTERS/Brendan McDermid, AP Photo/Yuki Iwamura,