ဘန်ကောက်မြို့ရှိ ဈေးဝယ်စင်တာအပြင်ဘက်တွင် နှစ်ပေါင်း (၆၆) သန်း သက်တမ်းရှိ ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိ

Photo:  Alex OGLE AFP
Photo: Alex OGLE AFP
ဘန်ကောက်မြို့ရှိ ဈေးဝယ်စင်တာအပြင်ဘက်တွင် နှစ်ပေါင်း (၆၆) သန်း သက်တမ်းရှိ ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိ
By Mr John

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ လူစည်ကားရာ ဈေးဝယ်စင်တာတစ်ခု အပြင်ဘက်ရှိ လူသွားလမ်းတွင် မြုပ်နေသည့် ခရုခွံ (၇၀) ကျော်ကို ရှာဖွေတွေ့ရှိပြီး ၎င်းတို့သည် လွန်ခဲ့သော နှစ်ပေါင်း (၆၆) သန်းကျော်က ရှင်သန်ခဲ့သော ပင်လယ်ခရုကဲ့သို့ ရေနေသတ္တဝါတစ်မျိုး၏ ကျောက်ဖြစ်ရုပ်ကြွင်းများဖြစ်ကြောင်း ထိုင်းကျွမ်းကျင်သူတွေက အတည်ပြုခဲ့သည်။ 

မျက်စိလျင်သည့် ဈေးဝယ်သူတစ်ဦးက ကမ္ဘာလှည့်ခရီးသည်များ အဓိက လာရောက်လည်ပတ်လေ့ရှိရာ Siam Square ဈေးဝယ်စင်တာ အပြင်ဘက် မီတာ (၄၀၀) ရှည်လျားသော လူသွားလမ်းတစ်လျှောက်တွင် အဆိုပါ ကျောက်ဖြစ်ရုပ်ကြွင်းများကို စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထိုဈေးဝယ်သူက ကန့်လန်ဖြတ်အရှည် (၁၂) စင်တီမီတာအထိရှိသော ခရုပုံများကို လမ်းမတစ်လျှောက် တွေ့ခဲ့သည်ဟု ဆိုသည်။ 

ထို့နောက် သဘာဝရင်းမြစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနမှ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေက စူးစမ်းရှာဖွေခဲ့ကြပြီး Ammonites ခေါ် ခရုကဲ့သို့ ရေနေသတ္တဝါ ကျောက်ဖြစ်ရုပ်ကြွင်း (၇၇) ခုကို တွေ့ရှိခဲ့ကြောင်း သိရသည်။

Ammonites များမှာ ပင်လယ်ရေနေသတ္တဝါဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း (၆၆)သန်းက သေဆုံးပျောက်ကွယ်သွားခဲ့သည်ဟု ယုံကြည်ရကြောင်း သဘာဝရင်းမြစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာန၏ ကျောက်ဖြစ်ရုပ်ကြွင်း ကာကွယ်စောင့်ရှောက်ရေးဌာနခွဲ၏ ညွှန်ကြားရေးမှူး Preecha Saithong က မေလ (၃) ရက်နေ့တွင် AFP ကို ပြောသည်။

ယခုတွေ့ရှိရသည့် ကျောက်ဖြစ်ရုပ်ကြွင်းများမှာ Ammonites များ အမှန်တကယ်ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံတွင် တွေ့နေကျပုံစံနှင့် ကွဲပြားကြောင်း ၎င်းကဆိုသည်။ 

ဈေးဝယ်စင်တာအပြင်ဘက် လူသွားလမ်းကို လွန်ခဲ့သည့် နှစ်နှစ်တွင် ပြင်ဆင်ခဲ့ကြောင်းနှင့် ခရုခွံတွေကို အလှဆင်သည့် အနေဖြင့် ကွန်ကရစ်အတွင်း ထည့်သွင်းခဲ့ခြင်းဖြစ်နိုင်ကြောင်း ထိုင်းမီဒီယာက ဖော်ပြသည်။

#TachileikNewsAgency

Source: AFP

Photo:  Alex OGLE AFP