တောင်ကိုရီယားတွင် ကုန်တင်ယာဥ်မောင်းများ သပိတ်မှောက်မှုကြောင့် အဓိက စီးပွားရေးလုပ်ငန်းကြီးများ ထိခိုက်မှုရှိ

တောင်ကိုရီယားတွင် ကုန်တင်ယာဥ်မောင်းများ သပိတ်မှောက်မှုကြောင့် အဓိက စီးပွားရေးလုပ်ငန်းကြီးများ ထိခိုက်မှုရှိ
By Mr John

တောင်ကိုရီယားတွင် ကုန်တင်ယာဥ်မောင်းများ သပိတ်မှောက်မှုကြောင့် အဓိက စီးပွားရေးလုပ်ငန်းကြီးများ ထိခိုက်မှုရှိ

တောင်ကိုရီးယားနိုင်ငံတဝန်းတွင် ထောင်နှင့်ချီသည့် ကုန်တင်ယာဥ်မောင်းများ သပိတ်မှောက် ဆန္ဒပြနေမှု (၇) ရက်မြောက်နေ့ ရောက်ရှိလာပြီဖြစ်ရာ လုပ်ငန်းများ အပြင်းအထန် ထိခိုက်မှုရှိနေကြောင်း အဓိက စီးပွားရေးလုပ်ငန်းများက ပြောသည်။ 

နိုင်ငံတဝန်း ကုန်တင်ယာဥ်မောင်းများ သပိတ်မှောက်မှုကြောင့် လုပ်ငန်းထိခိုက်သည့် ကုမ္ပဏီများအနက် Hyundai မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီနှင့် သံမဏိထုတ်လုပ်ရေးကုမ္ပဏီ POSCO တို့လည်း ပါဝင်သည်။

တောင်ကိုရီးယား ကုန်တင်ယာဥ်မောင်းများက လုပ်ခပိုမိုရရှိရေးနှင့် လောင်စာဆီကုန်ကျစရိတ် မြင့်တက်မှု ရင်ဆိုင်နေရမှုကြောင့် အစိုးရထောက်ပံ့ကြေး တိုးမြှင့်ပေးရန် တောင်းဆိုနေကြသည်။

 

တောင်ကိုရီးယား၏ ပြည်ပပို့ကုန်မှာ ယခင်တစ်နှစ်ကထက် လ၏ပထမဆုံး (၁၀) ရက်အတွင်း (၁၃) ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့ပြီးနောက် နိုင်ငံတဝန်း ကုန်တင်ယာဥ်မောင်းများ သပိတ်မှောက် ဆန္ဒပြမှု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယားတွင် ကုန်တင်ယာဥ်မောင်းများ သပိတ်မှောက်မှုက ကပ်ရောဂါနှင့် ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာတဝန်း ကုန်စည်ထုတ်လုပ်ပို့ဆောင်မှု ကွင်းဆက်ပြတ်ခြင်းကို ပိုမိုဆိုးရွားစေနိုင်ပြီး ကမ္ဘာတဝန်း ကုန်စည်ဈေးနှုန်း ပိုမိုမြင့်တက်လာနိုင်မှုအပေါ် စိုးရိမ်ပူပန်မှုများ မြှင့်တက်နေသည်။ 

တောင်ကိုရီးယားနိုင်ငံက မော်တော်ကားမှ လျှပ်စစ်ပစ္စည်းနှင့် ကွန်ပျူတာချစ်ပ်များအထိ အဓိက ထုတ်လုပ်သူလည်း ဖြစ်သည်။

ကုန်တင်ယာဥ်မောင်းများ သပိတ်မှောက်မှုကြောင့် နိုင်ငံအရှေ့တောင်ပိုင်း Ulsan မြို့ရှိ ၎င်းတို့၏ အကြီးဆုံး မော်တော်ကားထုတ်လုပ်ရေးစက်ရုံတွင် ထုတ်လုပ်မှု တစ်စိတ်တစ်ပိုင်း ပြတ်တောက်မှု ကြုံခဲ့ရကြောင်း တောင်ကိုရီး၏ အကြီးဆုံး ကားထုတ်လုပ်ရေးကုမ္ပဏီ Hyundai မှ ပြောခွင့်ရပုဂ္ဂိုလ်က ဇွန်လ (၁၃) ရက်နေ့တွင် BBC သတင်းဌာနကို ပြောသည်။ 

"Hyundai Motor အနေနဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး မကြာမီမှာ မိမိတို့ရဲ့ ဖောက်သည်တွေကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ထုတ်လုပ်ရေး ပုံမှန်ပြန်ဖြစ်ဖို့ မျှော်လင့်ထားပါတယ်" ဟု ၎င်းကဖြည့်စွက်ပြောသည်။

တောင်ကိုရီးယား၏ အကြီးဆုံး သံမဏိထုတ်လုပ်ရေးကုမ္ပဏီ POSCO ကလည်း ထုတ်လုပ်ပြီးသော ထုတ်ကုန်များကို သိုလှောင်ထားရန် နေရာလွတ်မကျန်တော့မှုကြောင့် ၎င်း၏ စက်ရုံများတွင် ထုတ်လုပ်မှုအချို့ ရပ်ဆိုင်းထားကြောင်း ပြောခဲ့သည်။ 

ကုန်တင်ယာဥ်မောင်းများ သပိတ်မှောက်မှုကြောင့် POSCO ၏ လက်ရှိ သိုလှောင်ထားသော ထုတ်ကုန်များကို ပို့ဆောင်နိုင်ခြင်းမရှိကြောင်း ကုမ္ပဏီက ဆိုသည်။ 

စက်ရုံများတွင် ထုတ်လုပ်မှုရပ်ဆိုင်းထားခြင်းမှာ အချိန်မည်မျှကြာမည်ကို သေချာစွာ မပြောနိုင်ကြောင်း POSCO ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

တောင်ကိုရီးယား ကွန်ပျူတာချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီ SK Hynix ကမူ ကုန်တင်ယာဥ်မောင်းသပိတ်ကြောင့် လုပ်ငန်းထိခိုက်မှု အခြေအနေနှင့် ပတ်သက်၍ BBC က ဆက်သွယ်မေးမြန်းရာ ပြောကြားရန် ငြင်းဆန်ခဲ့သည်။ 

လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းစုကြီး Samsung က BBC ၏ ဆက်သွယ်မေးမြန်းမှကို ချက်ချင်း မတုံ့ပြန်သေးဟု ဆိုသည်။ 

တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူများနှင့် ကုန်တင်ယာဥ်မောင်းမျာသမဂ္ဂ Cargo Truckers Solidarity တို့အကြား ဇွန်လ (၇) ရက်နေ့တွင် စတင်ခဲ့သည့် သပိတ်မှောက်မှု အဆုံးသတ်ရန် ဆွေးနွေးရာတွင် သဘောတူညီမှု မရရှိခဲ့ကြောင်းလည်း သိရသည်။ 

တောင်ကိုရီးယားတွင် ကုန်တင်ယာဥ်မောင်း ၄၂၀,၀၀၀ ဝန်းကျင်ရှိနေပြီး ၎င်းတို့ကို ကိုယ်ပိုင်အလုပ်လလုပ်သည့် အလုပ်သမားများအဖြစ် သတ်မှတ်ထားသည်။ 

Source: BBC