နယူးယော့ခ်မြို့တွင် လျှို့ဝှက်တရုတ်ရဲဌာန တည်ထောင်မှုဖြင့် FBI က တရုတ်လူမျိုး (၂) ဦးကို ဖမ်းဆီး

နယူးယော့ခ်မြို့တွင် လျှို့ဝှက်တရုတ်ရဲဌာန တည်ထောင်မှုဖြင့် FBI က တရုတ်လူမျိုး (၂) ဦးကို ဖမ်းဆီး
By Mr John

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့တွင် နေထိုင်သည့် တရုတ်လူမျိုး (၂) ဦးကို မင်ဟတ်တန်ခရိုင်ရှိ တရုတ်တန်းတွင် လျှို့ဝှက်တရုတ်ရဲဌာနတစ်ခု တည်ထောင်လုပ်ကိုင်မှုဖြင့် ၂၀၂၃ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ 

၎င်းတို့က အမေရိကန်တွင် နေထိုင်သည့် တရုတ်အစိုးရ အတိုက်အခံများကို ဒုက္ခပေးနှောင့်ယှက်ရန်နှင့် နှုတ်ဆိတ်နေစေရန် ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ရှေ့နေများက ပြောသည်။

အသက် (၆၁) နှစ်အရွယ် Lu Jianwang နှင့် အသက် (၅၉) နှစ်အရွယ် Chen Jinping တို့ကို အမေရိကန်အာဏာပိုင်များကို သတင်းပေးခြင်းမရှိဘဲ တရုတ်အစိုးရ၏ အေးဂျင့်များအဖြစ် လုပ်ကိုင်ဆောင်ရွက်ရန် ပူးပေါင်းကြံစည်မှုနှင့် တရားစီရင်ရေးကို နှောင့်ယှက်မှုတို့ဖြင့် စွဲချက်တင်ထားသည်။ 

၎င်းတို့ (၂) ဦးကို ဘရွတ်ကလင်း ဖက်ဒရယ်တရားရုံးတွင် ကနဦး ရုံးထုတ်ခဲ့ပြီးနောက် ခံဝန်ချုပ်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။

စပိန်အခြေစိုက် လူ့အခွင့်အရေးအုပ်စု Safeguard Defenders က ထုတ်ပြန်ခဲ့သည့် ၂၀၂၂ ခုနှစ် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာအရ တရုတ်အစိုးရက နယူးယော့ခ်တွင် အပါအဝင် ပြည်ပရဲဌာနများ လျှို့ဝှက်စီစဥ်ထားပြီး ထိုဌာနများက တရုတ်နိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသူများ တရုတ်သို့ ပြန်လာစေရေး ဖိအားပေးရန် တရုတ်ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်လုပ်ကိုင်သည်ဟု ဆိုသည်။

တရုတ်အစိုးရကမူ တရုတ်နိုင်ငံပြင်ပတွင် ထိုကဲ့သို့ ဌာနများကို သက်ဆိုင်ရာ နိုင်ငံများတွင် နေထိုင်ကြသည့် စေတနာ့ဝန်ထမ်းများက လုပ်ကိုင်နေကြခြင်းဖြစ်ပြီး တရုတ်ရဲအရာရှိများ မဟုတ်ကြောင်းနှင့် တရုတ်နိုင်ငံသားများ လိုအပ်သည့် စာရွက်စာတမ်းများ အသစ်ပြုလုပ်ရန်နှင့် အခြားကိစ္စများတွင် ကူညီပေးရန် ရည်ရွယ်ကြောင်း ပြောခဲ့သည်။

နယူးယော့ခ်တွင် FBI က ဖမ်းဆီးလိုက်သည့် Lu နှင့် Chen တို့ နှစ်ဦးလုံးမှာ အမေရိကန်နိုင်ငံသားများဖြစ်ပြီး အကျိုးအမြတ်မရှာသည့် အဖွဲ့အစည်းတစ်ခုကို ဦးဆောင်နေကြကြောင်းနှင့် ထိုအဖွဲ့အစည်းက တရုတ်နိုင်ငံ ဖူဂျီအန်ပြည်နယ်မှ လာရောက်ကြသူများ စုဝေးဆုံတွေ့ဆုံရန် နေရာစီစဥ်ပေးထားကြောင်း ရှေ့နေများက ဆိုသည်။

၎င်းတို့ (၂) ဦး၏ အဖွဲ့အစည်းအတွက် မင်ဟတ်တန်တံတားအနီး တရုတ်တန်းရှိ အဆောက်အအုံတစ်ခုတွင် အထပ်တစ်ထပ်လုံးအပြည့် နေရာယူထားခဲ့ကြပြီး ၂၀၂၂ ခုနှစ် ဆောင်းဦးတွင် ပိတ်သွားခဲ့သည်။ 

၂၀၂၂ ခုနှစ်အတွင်း Lu က လျှို့ဝှက်တရုတ်ရဲဌာနဟုခေါ်သည့် ဌာနတစ်ခုကို တည်ထောင်ဖွင့်လှစ်ခဲ့ကြောင်းနှင့် ကယ်လီဖိုးနီးယားပြည်နယ်တွင် နေထိုင်လျက်ရှိသော ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူဟု ယူဆထားသူတစ်ဦး၏ တည်နေရာကို တရုတ်အစိုးရက စုံစမ်းမေးမြန်းခဲ့ကြောင်း သိရသည်။

တရုတ်အစိုးရက တရားခံပြေးဟု သတ်မှတ်ထားသူတစ်ဦးကို တရုတ်သို့ပြန်ရန် ၂၀၁၈ ခုနှစ်အတွင်း Lu က ဖျောင်းဖျခဲ့ကြောင်း ရှေ့နေများက ပြောသည်။ 

Lu နှင့် Chen က ၎င်းတို့၏ တရုတ်အစိုးရအရာရှိနှင့် ဆက်သွယ်မှုထားများကို ဖျက်ပစ်ခဲ့ကြောင်း FBI ထံ ထွက်ဆိုခဲ့သည်ဟု ရှေ့နေများက ဆိုသည်။ 

အမေရိကန်၏ မြို့များတွင် ထိုကဲ့သို့ လျှို့ဝှက်တရုတ်ရဲဌာနများရှိနေခြင်းနှင့် ပတ်သက်၍ အလွန်စိုးရိမ်ပူပန်ကြောင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း FBI ညွှန်ကြားရေးမှူး Christopher Wray က အမေရိကန်ဆီးနိတ်လွှတ်တော်ကို ပြောခဲ့သည်။

တရုတ်အစိုးရက တရားခံပြေးဟု ယူဆထားသူများကို တရုတ်သို့ပြန်ရန် ဖိအားပေးမှု အပါအဝင် အမေရိကန်တွင် နေထိုင်သည့် တရုတ်အစိုးရ အတိုက်အခံများကို စောင့်ကြည့်မှုနှင့် ဒုက္ခပေး နှောင့်ယှက်မှုတို့ဖြင့် တရုတ်နိုင်ငံသား တစ်ဒါဇင်ကျော်နှင့် အခြားလူများကို ရှေ့နေများက ယခင်က စွဲချက်တင်ထားခဲ့ကြောင်းလည်း သိရသည်။

Source: Reuters

Photo: REUTERS/Bing Guan,