ဂျပန်နိုင်ငံတွင် သေဒဏ်ကျ အမျိုးသမီး အကျဥ်းသူတစ်ဦး အစာနင်ရာမှ အသက်ရှူကျပ်ပြီး သေဆုံး

ဂျပန်နိုင်ငံတွင် သေဒဏ်ကျ အမျိုးသမီး အကျဥ်းသူတစ်ဦး အစာနင်ရာမှ အသက်ရှူကျပ်ပြီး သေဆုံး
ဇန်နဝါရီ 16, 2023 | နိုင်ငံတကာသတင်း
By Mr John

ဂျပန်နိုင်ငံတွင် လူသတ်မှု (၂)မှုဖြင့် သေဒဏ်ချမှတ်ခံထားရပြီးနောက် ကွပ်မျက်ခံရရန် စောင့်ဆိုင်းနေသူ အမျိုးသမီး အကျဥ်းသူတစ်ဦး အစာနင်ရာမှ အသက်ရှူကျပ်ပြီး သေဆုံးသွားခဲ့ကြောင်း တရားရေးဝန်ကြီးဌာနက ၂၀၂၂ခုနှစ် ဇန်နဝါရီလ (၁၅) ရက်တွင် သတင်းထုတ်ပြန်သည်။ 

၂၀၀၉ ခုနှစ်အတွင်း ဂျပန်အနောက်ပိုင်း Tottori စီရင်စုတွင် အမျိုးသား (၂) ဦးကို သတ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရသည့် အမျိုးသမီး အကျဥ်းသူမှာ ဇန်နဝါရီလ (၁၄) ရက်နေ့က အစာနင်ပြီး အသက်ရှူကျပ်ကာ သေဆုံးသွားခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

အသက် (၄၉) နှစ်အရွယ် Miyiki Ueta အမည်ရှိ အမျိုးသမီး အကျဥ်းသူကို ဟီရိုရှီးမားအကျဥ်းထောင်တွင် ထိန်းသိမ်းထားခြင်း ဖြစ်သည်။ 

သေဒဏ်ကျ အကျဥ်းသူ Ueta မှာ အစာနင်ရာမှ အသက်ရှူကျပ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အလောင်းခွဲစိတ်စစ်ဆေးခဲ့သည့် ပြင်ပဆရာဝန်တစ်ဦးက အတည်ပြုခဲ့သည်။ 

ဘားဆိုင်ဝန်ထမ်းတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူ Ueta ကို ၂၀၀၉ ခုနှစ် ဧပြီလအတွင်း ထရပ်ကားယာဥ်မောင်းတစ်ဦးအား ဆေးခပ်ပြီး ပင်လယ်ထဲတွင် ရေနစ်သတ်ခဲ့မှုနှင့် ထိုနှစ် အောက်တိုဘာလက အီလက်ထရောနစ်စတိုးဆိုင် ပိုင်ဆိုင်ရှင်တစ်ဦးကို မြစ်တစ်ခုအတွင်း ရေနစ်သတ်ခဲ့မှုတို့ဖြင့် သေဒဏ်ချမှတ်ထားခြင်း ဖြစ်သည်။

သူမ၏ သေဒဏ်ကို ၂၀၁၇ ခုနှစ်တွင် အပြီးသတ် အတည်ပြုခဲ့ကြောင်းလည်း သိရသည်။ 

ဂျပန်နိုင်ငံတွင် Ueta သေဆုံးပြီးနောက် သေဒဏ်ကို အပြီးသတ် အတည်ပြုပြီး အကျဥ်းထောင်များ ထိန်းသိမ်းထားဆဲ အကျဥ်းသူ (၁၀၅) ဦးရှိကြောင်း တရားရေးဝန်ကြီးဌာနက ပြောသည်။ 

ဂျပန်တွင် ၂၀၂၂ ခုနှစ်အတွင်း သေဒဏ်ကျ အကျဥ်းသားကို ကွပ်မျက်မှုတစ်ခု ရှိခဲ့သည်။

၂၀၀၈ ခုနှစ်က တိုကျိုမြို့ Akihabara ခရိုင်တွင် လူ (၇) ဦးကို သတ်ခဲ့ပြီး အခြား (၁၀) ဦးကို ထိခိုက်ဒဏ်ရာရစေမှုဖြင့် သေဒဏ်ချမှတ်ခံထားရသူ အသက် (၃၉) နှစ်အရွယ် ရုံးဝန်ထမ်းဟောင်း Tomohiro Kato ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့တွင် ကွပ်မျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Source: Kyodo News