ဂိမ်းသမားများအတွက် ကဖင်းဓါတ် ပါဝင်သည့် အသင့်စား ခေါက်ဆွဲခြောက်များကို ဂျပန်ကုမ္ပဏီက ထုတ်လုပ်

ဂိမ်းသမားများအတွက် ကဖင်းဓါတ် ပါဝင်သည့် အသင့်စား ခေါက်ဆွဲခြောက်များကို ဂျပန်ကုမ္ပဏီက ထုတ်လုပ်
စက်တင်ဘာ 9, 2023 | နိုင်ငံတကာသတင်း
By Mr John

 ဂျပန်ကုမ္ပဏီတစ်ခုက အာရှတလွှား ညဥ့်နက်ချိန်အထိ ဂိမ်းကစားကြသည့် ဂိမ်းသမားများအတွက် ခန္ဓာကိုယ် လန်းဆန်းနိုးကြွစေသည့် ကဖင်းဓာတ် (caffein) ပါဝင်သော အသင့်စား ခေါက်ဆွဲဘူး ထုတ်လုပ်လိုက်သည်။ 

ညဥ့်နက်ချိန်အထိ ဂိမ်းကစားကြသူများမှာ လန်းဆန်းနိုးကြွနေစေရန် ကျွဲရိုင်း (Red Bull) အချိုရည် သို့မဟုတ် အမြန်ပြင်ဆင် အစားအစာများကို အဆာပြေ စားသောက်လေ့ရှိကြသည်။

သို့သော် အစားအစာကို ကိုင်တွယ်ထားမှုကြောင့် ဆီပေကျံနေသော လက်ချောင်းများနှင့် ကွန်ပျူတာကီးဘုတ်ကို ကိုင်တွယ်ရန် သို့မဟုတ် ဂိမ်းကစားသည့် ပစ္စည်းကိရိယာများအနီး အချိုရည်များထားရှိခြင်း အန္တရာယ်တို့ကို သတိထားနေရသောကြောင်း အဆင်မပြေလှချေ။ 

ဂိမ်းမာများအတွက် ထိုအခြေအနေကို ဖြေရှင်းရန် ဂျပန်ခေါက်ဆွဲကုမ္ပဏီ Nissin က ကဖင်းဓာတ်ပါဝင်သော ခေါက်ဆွဲဘူးများကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံတွင် ဂိမ်းကစားသူဦးရေမှာ တစ်နှစ်ပြီးတစ်နှစ် တိုးလာနေကြောင်းနှင့် အထူးသဖြင့် လူငယ်များကြားတွင်ဖြစ်ပြီး ဂိမ်းကစားသူ သန်း (၅၀) ကျော်ရှိကြောင်း Nissin ကုမ္ပဏီက စက်တင်ဘာလ (၄) ရက် သတင်းထုတ်ပြန်ချက်တွင် ပြောထားသည်။ 

Nissin က ဂိမ်းမာများအတွက် အဆင်ပြေစေမည့် အသင့်စား ခေါက်ဆွဲကို ၎င်း၏သမိုင်းတွင် ပထမဆုံးအကြိမ် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ 

ကဖင်းဓာတ်ပါဝင်သော အသင့်စား ခေါက်ဆွဲဘူးများကို Nissin ၏ လူသိများသော Cup Noodles နှင့် Nissin Curry Meshi အမှတ်တံဆိပ်များဖြင့် ထုတ်လုပ်ထားကြောင်း သိရသည်။

ဂိမ်းမာများအတွက် ရည်ရွယ်ထုတ်လုပ်ထားသော Nissin ၏ အသင့်စား ခေါက်ဆွဲကို အရသာ (၂) မျိုးဖြင့် ထုတ်လုပ်ထားသည်။ 

ပထမတစ်မျိုးမှာ ပုစွန်၊ ဝက်သား၊ ကြက်ဥနှင့် ဂေါ်ဖီတို့ ပါဝင်ပြီး ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းနက်တို့ဖြင့် ယာကီဆိုဘာ (yakisoba) ဂျပန်ခေါက်ဆွဲကြော် အရသာ ဖြစ်သည်။ ဒုတိယတစ်မျိုးမှာ ခေါက်ဆွဲဟင်းလျာ အရသာဖြစ်ပြီး ဝက်သားနှင့် ဟင်းသီးဟင်းရွက်တို့ကို အခြေခံ ပြုလုပ်ထားကြောင်း သိရသည်။ 

Nissin ၏ ထိုခေါက်ဆွဲ (၂) မျိုးလုံးမှာ အရည်သောက်ရသည့် ပုံစံမျိုးမဟုတ်ရာ ဂိမ်းကစားနေစဥ် အသင့်တော်ဆုံး အဆာပြေ စားစရာဟု ဆိုသည်။

#TachileikNewsAgency

Source: CNN