စစ်မှုထမ်းဟောင်းများကို တာဝန်ပေးလာပါကထမ်းဆောင်ရေး ပြင်ဆင်ထားရန်လိုကြောင်းပြောကြား

စစ်မှုထမ်းဟောင်းများကို တာဝန်ပေးလာပါကထမ်းဆောင်ရေး ပြင်ဆင်ထားရန်လိုကြောင်းပြောကြား

 တာဝန်ပေးလာပါက စစ်မှူထမ်းဟောင်းများအနေဖြင့် တစ်ဦးချင်းစီဖြင့်စေ အဖွဲ့အစည်းဖြင့် ဖြစ်စေ ထမ်းဆောင်နိုင်ရန် ပြင်ဆင်ထားရန်လိုကြောင်း စစ်မှူထမ်းဟောင်းဗဟိုကောင်စီ ဥက္ကဌ က ပြောကြားလိုက်သည်။

"လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို သုံးသပ်ပြီး တာဝန်ပေးအပ်လာပါက တာဝန်ယူနိုင်ရန် အတွက် တစ်ဦးချင်းအနေဖြင့်သော် လည်းကောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းလိုက်သော် လည်းကောင်း ပြင်ဆင် ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို တပ်မတော်နှင့်ပူးတွဲ၍ ထမ်းဆောင်နေကြရသည့်အတွက် များစွာ ဂုဏ်ယူမိကြောင်း " မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၏ ဗဟိုကောင်စီ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိန်ဝင်းက ၂၀၂၂ခုနှစ် ဇွန်လ(၂၁)ရက်နေ့က ကျင်းပသည့် စစ်မှူထမ်းဟောင်းအဖွဲ့၏ ဗဟိုကောင်စီနှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။ 

 ၂၀၂၂ခုနှစ် ဇွန်လ(၂၁)ရက်နေ့က ကျင်းပသည့် စစ်မှူထမ်းဟောင်းအဖွဲ့၏ ဗဟိုကောင်စီနှစ်ပတ်လည် အစည်းအဝေး

အာဏာသိမ်းစစ်အုပ်စုသည် အရပ်သားအစိုးရကို စွပ်စွဲချက်များစွာဖြင့် နိုင်ငံ့အာဏာကို သိမ်းယူပြီးနောက် ၎င်းတို့၏ အရန်အင်အားဟု သတ်မှတ်ထားသည့် အသက်(၆၀)ကျော် စစ်သားဟောင်းများဖြင့် ဖွဲ့စည်းထားသည့် စစ်မှုထမ်းဟောင်းအဖွဲ့ကို ပြန်လည်ဖွဲ့စည်းမှုများ ပြုလုပ်ပြီးနောက် နိုင်ငံအတွင်း မြို့ပေါ် စာသင်ကျောင်းများနှင့် အချို့ရုံးများတွင် ကင်းစောင့်ရန်အတွက် အာဏာသိမ်းစစ်အုပ်စုက အသက်(၆၀)ကျော် စစ်သားဟောင်းများကို အသုံးချလာသည်ကို တွေ့ရသည်။

အာဏာသိမ်းကာလအတွင်း၌ စစ်အုပ်စုသည် စစ်မှုထမ်းဟောင်းများအပေါ် စည်းရုံးရေးဆင်းသည့်အနေဖြင့် အရင်ကထက် ထိတွေ့မှု ပြသလာခြင်းအဖြစ် အခမ်းအနားများဖြင့် ကြက်ဥ၊ ဆန်၊ သွားတိုက်ဆေး၊ ဆီ စသည့်ပစ္စည်းများ ထောက်ပံ့ပေးခြင်း နှင့် ကျန်းမာရေး စစ်ဆေးခြင်းများကို လုပ်ဆောင်ပြသလာသည်ကိုလည်း တွေ့ရသည်။

အလားတူ အာဏာသိမ်းစစ်အုပ်စုသည် ရှမ်းပြည်နယ်အတွင်းရှိ ၎င်းတို့၏ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ပြည်သူ့စစ်များကိုလည်း ယခင်ကထက် ယခု အာဏာသိမ်းကာလအတွင်း၌ အခမ်းအနားဖြင့် ထောက်ပံ့ပေးခြင်းဖြင့် စည်းရုံးရေးဆင်းသည့် လုပ်ဆောင်မှုများကို အများအားဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း၌ လုပ်ဆောင်နေလျက်ရှိသည်ကိုလည်း တွေ့ရသည်။

#TachileikNewsAgency