မြန်မာ - ထိုင်း နှစ်နိုင်ငံပူးပေါင်းကာ သံဃာအပါး (၃၀၀၀၀)ပါဝင်မည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မန္တလေးတွင် ကျင်းပမည်

မြန်မာ - ထိုင်း နှစ်နိုင်ငံပူးပေါင်းကာ သံဃာအပါး (၃၀၀၀၀)ပါဝင်မည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မန္တလေးတွင် ကျင်းပမည်
နိုဝင်ဘာ 18, 2019
By Tachileik News Agency
မန္တလေးမြို့ ချမ်းမြသာစည်လေယာဉ်ကွင်းတွင် မြန်မာ - ထိုင်းနှစ်နိုင်ငံ သံဃာတော်အပါး (၃၀,ဝဝဝ) အား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ထိုင်းနိုင်ငံ ဓမ္မကာယဖောင်ဒေးရှင်း( Dhammakaya Foundation )တို့ အစီအစဉ်ဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၂၀၁၉ နှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။
ယင်းကဲ့သို့ ပူးပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ မန္တလေးမြို့တွင် တတိယအကြိမ်ဖြစ်ပြီး ဒုတိယအကြိမ်အား ၂၀၁၅ ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့က သံဃာအပါး (၁၀,ဝဝဝ)၊ ပထမအကြိမ်အား ၂၀၁၈ ခုနှစ် ဇန်နဝါရီလ(၂၁)ရက်နေ့က သံဃာအပါး (၂၀,ဝဝဝ) ကိုလည်းကောင်း ပင့်ဆောင်လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။
ထိုင်းနိုင်ငံမှ ဓမ္မကာယဖောင်ဒေးရှင်း ( Dhammakaya Foundation ) သည် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံဘာသာရေးပျံ့ပွားရေး၊ နှစ်နို်င်ငံပြည်သူ ချစ်ကြည်ရေးအဖြစ် နှစ်နိုင်ငံဆွမ်းဆန်စိမ်းလောင်းလှူပွဲများ၊ ကမ္ဘာ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်ကျင့်သီလဆိုင်ရာပွဲများကို နယ်စပ်မြို့ဖြစ်သည့် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင်လည်း ကျင်းပလေ့ရှိခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင် အကြီးမားဆုံးနှင့် အကြွယ်ဝဆုံး ကျောင်းတော်ဖြစ်သည့် ဓမ္မကာယကျောင်းတော်က ပြည်တွင်းပြည်ပ ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ဓမ္မကာယဖောင်ဒေးရှင်းကို ၁၉၈၅ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ဘန်ကောက်မြို့မြောက်ပိုင်းတွင် တည်ရှိသည့် အဆိုပါကျောင်းတော်က ဖောင်ဒေးရှင်းအတွက် မြေဧက (၇၀၀)ကျော်တွင် တရားရိပ်သာများအပါအဝင် သာသနာပြန့်ပွားရေးလုပ်ငန်းများအတွက် အသုံးပြုထားခြင်း ဖြစ်ပြီး အဆိုပါဖောင်ဒေးရှင်းသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံများတွင်လည်း ပါဝင်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ တရားထိုင်ခြင်းကိုလည်း စုစည်းကျင်းပခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net