လောင်းလုံမြို့နယ်အတွင်း မူးယစ်ဆေးဂိုဏ်ဝင် လင်မယား (၂)ဦးကို​ ရှင်းလင်း၊ စခန်းမှူးနှင့်အဖွဲ့လည်း မိုင်းထိ ဒဏ်ရာရ

ပုံအညွှန်း -  မူးယစ်ဆေးဂိုဏ်ဝင် လင်မယား (၂)ဦး၏ နေအိမ်အတွင်းမှ သိမ်းဆည်းရမိ ပစ္စည်းများ
ပုံအညွှန်း -  မူးယစ်ဆေးဂိုဏ်ဝင် လင်မယား (၂)ဦး၏ နေအိမ်အတွင်းမှ သိမ်းဆည်းရမိ ပစ္စည်းများ
လောင်းလုံမြို့နယ်အတွင်း မူးယစ်ဆေးဂိုဏ်ဝင် လင်မယား (၂)ဦးကို​ ရှင်းလင်း၊ စခန်းမှူးနှင့်အဖွဲ့လည်း မိုင်းထိ ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ မောင်းမကန်ကျေးရွာတွင် အာဏာသိမ်း စစ်ကောင်စီတပ်အားကိုးဖြင့် မူးယစ်ဆေးဝါး ရောင်းချနေသည့် မူးယစ်ဆေးဝါးဂိုဏ်းဝင်နေအိမ်အား အကူအညီပေးရန် လာရောက်သည့် ရဲယာဉ်တန်းကို ယနေ့ ဇွန်လ(၁၀)ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ရာ စခန်းမှူးအပါဝင် (၃)ဦး မိုင်းထိမှန်၍ အရေးပေါ်ပို့ဆောင်ထားရကြောင်း Dawei Guerrilla Revolutionary Force - DGRF က သတင်းထုတ်ပြန်ထားသည်။​

ဒေသကာကွယ်ရေး အဖွဲ့များက ရှင်းလင်းလိုက်သည့် မူးယစ်ဂိုဏ်းဝင် ကိုအောင်မင်းထွန်း

မောင်းမကန်ကျေးရွာ(ကွက်သစ်) (၁၃)ရပ်ကွက်နေ မူးယစ်ဂိုဏ်းဝင် ကိုအောင်မင်းထွန်းနှင့် ၎င်း၏ဇနီးဖြစ်သူ မစန်းစန်းအေးတို့ကို နေ့လည်(၂)နာရီက Dawei Guerrilla Revolutionary Force - DGRF နှင့် Launglone People Defense Force - LLPDF တို့ ပူးပေါင်းကာ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါနေအိမ်အား ဝင်ရောက်စီးနင်းရာ WY စိတ်ကြွရူးသွပ်ဆေးပြား(၈၀)ပြား၊ ICE (၁၅)တောင့်နှင့် တစ်ထုပ်အပါအဝင်  ဟန်းဖုန်းတစ်လုံး၊ လက်ပစ်ဗုံး(၂)လုံး၊ ရိုင်ဖယ်ကျည် (၂)တောင့် နှင့် ငွေစက္ကူတစ်သိန်းလေးသောင်းသုံးရာကျပ်ကို သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။

"ကိုအောင်မင်းထွန်းနှင့် မစန်းစန်းအေး ဇနီးမောင်နှံတို့သည် စစ်ကောင်စီအားကိုးဖြင့် လက်နက်ကိုင်ဆောင်ကာ မူးယစ်ဆေးဝါးများ ပေါ်ပေါ်ထင်ထင် ရောင်းဝယ်ဖောက်ကားနေသူများဖြစ်သည့်အပြင် ယောင်္ကျားဖြစ်သူအန္တရာယ်တစ်စုံတစ်ရာပေါ်ပေါက်ခဲ့ပါက တစ်ရွာလုံးအား မီးရှို့ပြာချမည်ဟု ခြိမ်းခြောက်ကြုံးဝါးထားသူလည်းဖြစ်သည်။"ဟု ထုတ်ပြန်ထားသည်။

ထို့နောက် (၁၅)မိနစ်ခန့်အကြာတွင် ၎င်းနေအိမ်သို့ မောင်းမကန်စခန်းမှူး အပါအဝင် ရဲတပ်သား(၅)ဦးတို့ စခန်းမှူးကားဖြင့် စီးနင်းလိုက်ပါရောက်ရှိလာရာ ပူးပေါင်းတပ်ဖွဲ့က ကြိုတင်ထောင်ထားခဲ့ သည့် (အင်အားပြင်း)မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် မောင်းမကန်စခန်းမှူး၊ နယ်ထိန်းတစ်ဦးနှင့် ရဲတပ်သားတစ်ဦးတို့ မိုင်းစထိမှန်ကာ ပြင်းထန်ဒါဏ်ရာဖြင့် အရေးပေါ်ဌာနသို့ပို့ ဆောင်ထားရကြောင်းသိရသည်။

Photo: DGRF