အမေရိကန်သမ္မတအဖြစ် ပထမဆုံး အာရှခရီးစဥ်အတွင်း ဂျိုးဘိုင်ဒန် တောင်ကိုရီးယားသို့ ရောက်ရှိလာ

Photo: REUTERS/Jonathan Ernst
Photo: REUTERS/Jonathan Ernst
အမေရိကန်သမ္မတအဖြစ် ပထမဆုံး အာရှခရီးစဥ်အတွင်း ဂျိုးဘိုင်ဒန် တောင်ကိုရီးယားသို့ ရောက်ရှိလာ
By Mr John

 အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ၎င်း၏ သမ္မတသက်တမ်းတွင် ပထမဆုံး အာရှခရီးစဥ်အဖြစ် ၂၀၂၂ ခုနှစ် မေလ (၂၀) ရက်နေ့က တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။ 

အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုနှင့် စီးပွားရေးဆက်ဆံမှု တည်ဆောက်ရန် တန်ပြန်ရန်ကြိုးပမ်းမှုအဖြစ် ရည်ရွယ်ထားသော ယခုခရီးစဥ်မှာ မြောက်ကိုရီးယားခြိမ်းခြောက်မှုများကိစ္စက လွှမ်းမိုးနေဖွယ်ရှိသည်။

သမ္မတဂျိုးဘိုင်ဒန်က ဆိုးလ်မြို့တောင်ဘက်ရှိ အိုဆန်လေတပ်စခန်းသို့ Air Force One လေယာဥ်ဖြင့် ရောက်ရှိလာခပြီး တောင်ကိုရီးယားသမ္မတသစ် Yoon Suk-yeol နှင့် ပထမဆုံးအကြိမ် လူချင်းတွေဆုံရန် စီစဥ်ထားသည်။ 

ထို့နောက် ၎င်းတို့နှစ်ဦးက Samsung Electronics စက်ရုံသို့ အတူတကွ သွားရောက်လည်ပတ်မည် ဖြစ်ပြီး သမ္မတဂျိုးဘိုင်ဒန်က တောင်ကိုရီးယားတွင် မေလ (၂၂) ရက်အထိရှိနေမည်ဟု သိရသည်။

ထိုအတောအတွင်း အမေရိကန်တွင် လျှပ်စစ်ကားစက်ရုံ တည်ဆောက်ရန်စီစဥ်ထားသည့် တောင်ကိုရီးယား မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီ Hyundai Motor Co. က သမ္မတဂျိုးဘိုင်ဒန်ခရီးစဥ်နှင့် တိုက်ဆိုင်ပြီး ကြေညာချက်ထုတ်နိုင်ဖွယ်ရှိသည်ဟု ဆိုသည်။ 

 

 

တောင်ကိုရီးယားခရီးစဥ်အတွင်း သမ္မတဂျိုးဘိုင်ဒန်က တောင်နှင့်မြောက် ကိုးရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသည့် စစ်မဲ့ဇုန်သို့ သွားရောက်ရန်အစီအစဥ်မရှိကြောင်း အိမ်ဖြူတော်က ပြောထားသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က မေလ (၂၂) ရက်တွင် တောင်ကိုရီးယားမှ ဂျပန်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး ဂျပန်တွင် မေလ (၂၄) ရက်အထိရှိနေမည် ဖြစ်သည်။ 

သမ္မတဂျိုးဘိုင်ဒန်က ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါနှင့် ဂျပန်ဧကရာဇ် နာရူဟီတိုတို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ 

ဂျပန်တွင်ရှိနေစဥ် ဂျိုးဘိုင်ဒန်က အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင် Indo-Pacific Economic Framework (IPEF) နှင့် ပတ်သက်ပြီး မှတ်ချက်ပြု ပြောကြားမည်ဟု ဆိုသည်။

ထို့နောက် မေလ (၂၄) ရက်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က QUAD (Quadrilateral Security Dialogue) အဖွဲ့ဝင်နိုင်ငံများမှ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ၊ အိန္ဒိယဝန်ကြီးချုပ်မိုဒီ၊ မေလ (၂၁) ရက် ဩစတြေးလျရွေးကောက်ပွဲတွင် အနိုင်ရသူတို့နှင့် ထိပ်သီးအစည်းအဝေးကို တက်ရောက်မည် ဖြစ်သည်။

#TachileikNewsAgency

Source: Reutes

Photo: REUTERS/Jonathan Ernst